မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တောင်းဆိုခဲ့သည်။
အောက်တိုဘာ ၂၆ ရက်က ကျင်းပသည့် အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံခေါင်းဆောင်များနှင့် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးချိန်၌ အမေရိကန် သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အဆိုပါထုတ်ပြန်ချက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် အာဆီယံနှင့် မိတ်ဖက်လက်တွဲဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ထားရှိသော အမေရိကန်၏ ကတိကဝတ်နှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း အာဆီယံ၏ ဗဟိုအချက်အချာကျမှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး အင်ဒို-ပစိဖိတ်ဆိုင် ရာ အာဆီယံ၏ အမြင်ကိုလည်း ချီးကျူးပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း တပ်မတော်က အာဏာထိန်းသိမ်းခဲ့မှုနှင့် ကြောက်မက်ဖွယ်ရာ အကြမ်းဖက်နေမှုနှင့် ပတ်သက်၍ အလွန်အမင်စိုးရိမ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံအတွင်း အကြမ်း ဖက်နေမှုများ ချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ရန် စသည့် အချက်များကိုလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် သဘောတူထားသည့် အချက်ငါးချက်ကို အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး အာဆီယံကြိုးပမ်းအားထုတ်မှုအတွက် အမေရိကန်က ထောက်ခံအားပေးသည့် အကြောင်းကိုလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားခဲ့ကြောင်း အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဆီယံနှင့် သဘောတူထားသည့် အချက်ငါးချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမရှိသည့် အကြောင်းပြချက်ဖြင့် အာဆီယံက မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ရန် ဖိတ်ကြားမှုမရှိခဲ့ပေ။
သို့သော် အာဆီယံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၏ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခဲ့သည်။
ထိုသို့ အာဆီယံက ဖိတ်ကြားခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ရာထူးနိမ့်သည့်ပုဂ္ဂိုလ်တစ်ဦးကို စေလွှတ်ရခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပုံရိပ်ကို ထိခိုက်စေနိုင်သည်ဟု အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့ပြီးနောက် အောက်တိုဘာ ၂၆ ရက်တွင် Virtual နည်းဖြင့် ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲ၌ မြန်မာနိုင်ငံမှ မည်သည့် ကိုယ်စားလှယ်မျှ တက်ရောက်ခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသည်။
အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲတွင် တက်ရောက်ကြသည့် ခေါင်းဆောင်များကို ဧရာမ Screen ဖြင့် ပြသရာ၌ Myanmar ဟု ရေးထားသည့် နေရာတွင် အပြာရောင် ကွက်လပ်ကိုသာ တွေ့မြင်ရသည်။
ထိုသို့ အာဆီထိပ်သီးအစည်းအဝေးများသို့ နိုင်ငံ့အကြီးအကဲ တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက်နိုင်ခဲ့ခြင်းမှာ အာဆီယံအပေါ် မကျေနပ်မှုကို ပြသလိုသော သဘောဆန္ဒဖြင့် ပြုလုပ်ခဲ့ခြင်းမဟုတ်သည့်အပြင် အာဆီယံကို သပိတ်မှောက်နေခြင်းလည်း မဟုတ်ကြောင်း အောက်တိုဘာ ၂၆ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား