၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်များကို ရာဇသတ်ကြီးပုဒ်မဖြင့် တရားစွဲဆိုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခဲ့သူများကို ရာဇသတ်ကြီး ပုဒ်မ ၁၇၁-ဃ ဖြင့် သက်ဆိုင်ရာ တရားရုံးများတွင် တရားစွဲဆိုရန် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၂ ရက်စွဲဖြင့် ညွှန်ကြားစာအား အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၂၇ ရက်က ဖော်ပြထားသည်။
ကော်မရှင်သည် နိုင်ငံသားစိစစ်ရေး ကတ်တစ်ခုတည်းဖြင့် မဲစာရင်း နှစ်ကြိမ်၊ သုံးကြိမ်အထက် ပါဝင်သူများ၏ ဆန္ဒမဲပေးမှုအခြေအနေကို စိစစ်ပြီးနောက် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးသူများကို လွှတ်တော်ရွေး ကောက်ပွဲဥပဒေ ပုဒ်မ ၅၉ နှင့် အရေးယူရန် အကြောင်းကြားထားပြီး ဖြစ်သည်ဟု အောက်တိုဘာ ၂၂ ရက် ညွှန်ကြားစာတွင် ပါရှိသည်။
မဲဆန္ဒရှင်စာရင်းများကို လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ အရ စိစစ်ခြင်းဖြစ်ကာ စိစစ်တွေ့ရှိချက်အရ တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်းသည် ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်၊ ရွေးကောက်ပွဲပျက်ပြားစေရန် ဆောင်ရွက်ခြင်းဖြစ်၍ နောင်တွင် အဆိုပါပြစ်မှုမျိုး ကျူးလွန်မှုမရှိစေရေးအတွက် အရေးယူရန် လိုအပ်သလို ညွှန်ကြားဆောင်ရွက်ခဲ့ခြင်းဖြစ်သည် ကော်မရှင်က ဆိုသည်။
ထိုသို့ အမှုဖွင့်အရေးယူရန် ဆောင်ရွက်သော်လည်း မြို့နယ်ရဲစခန်းများ၏ အကြောင်းပြန်ကြားချက်အရ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ခြင်းမရှိကြောင်း တင်ပြပြီးနောက် ရာဇသတ်ကြီးပုဒ်မဖြင့် တရားစွဲဆိုရန် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများကို ထပ်မံအကြောင်းကြားခြင်းဖြစ်ကြောင်း ပြည်ထောင်စုကော်မရှင်၏ အောက်တိုဘာ ၂၂ ရက် ညွှန်ကြားစာတွင် ဖော်ပြချက်အရ သိရသည်။
ရာဇသတ်ကြီး ပုဒ်မ ၁၇၁-ဃ တွင် ရွေးကောက်ပွဲတွင် မဲတစ်ကြိမ်ပေးပြီးဖြစ်လျက် အခြားသူမဲပေးခြင်းကို အားပေးကူညီလျှင်၊ ထိုသို့ မဲပေးခြင်းကို ဖြစ်မြောက်စေလျှင်၊ ထိုသို့ ဖြစ်မြောက်စေရန် အားထုတ်လျှင် ထိုသူသည် ရွေးကောက်ပွဲတွင် သူတစ်ပါးအယောင်ဆောင်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု ပြဋ္ဌာန်း ထားပြီး ရာဇသတ်ကြီး ပုဒ်မ ၁၇၁-စ တွင် ယင်းသို့ကျူးလွန်သူကို တစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း ကော်မရှင်၏ ညွှန်ကြားစာတွင် ဖော်ပြပါရှိသည်။
ပြည်ထောင်စုကော်မရှင်၏ အဆိုပါညွှန်ကြားစာအရ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် မြို့နယ်အတွင်းရှိ ဆန္ဒမဲ တစ်ကြိမ်ထက် ပိုပေးခဲ့သူများကို တရားစွဲဆိုရန် ပြင်ဆင်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းတစ်ဦးက အတည်ပြုသည်။
“အရေးယူဖို့ ဆောင်ရွက်နေတာ ရှိတယ်။ အမည်တူ၊ အဖေတူ၊ အမေတူ၊ နိုင်ငံသားကတ်တူ။ မဲနှစ်ကြိမ် ပေးထားတဲ့သူတွေကို တရားစွဲမယ်လို့ မနေ့က ကျွန်တော့် ဦးစီးအရာရှိက ခေါ်ပြောတယ်” ဟု အဆိုပါ မြို့ နယ်ဥက္ကဋ္ဌဟောင်းက ပြောကြားသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေး ကတ်တစ်ခုတည်းဖြင့် မဲစာရင်း နှစ်ကြိမ်ပါဝင်သူ ၃၅ သန်းကျော်နှင့် နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းသုံးကြိမ်နှင့်အထက် ပါဝင်သူ သုံးသိန်း နီးပါးအပါအဝင် မဲမသမာမှုဖြစ်ပွားသည့် မဲဆန္ဒရှင်အရေအတွက် ၁၁ သန်းကျော်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား