ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်နှင့် မကွေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးများတွင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတိုက်ပွဲနှင့်လုံခြုံရေး အခြေအနေများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ ဦရေ၂၁၈၉၀၀ ခန့်ရှိကြောင်း UNOCHA Myanmar က စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်၌ ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံမှ လူသားချင်းစာနာမှု အခြေအနေများသည် ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ လုံခြုံရေးအခြေအနေများနှင့် COVID-19 ရောဂါကြောင့် စိုးရိမ်ရဆဲဖြစ်ကြောင်း၊ လက်ရှိတုံ့ပြန်ကူညီရေး အစီအစဉ်သည် သတ်မှတ်ထားသော လူဦးရေတစ်သန်းနှင့် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင် သတ်မှတ်ခဲ့သည့် နှစ်သန်းအပါအဝင် စုစုပေါင်းလူဦးရေသုံးသန်းသည် အကူအညီနှင့်အကာအကွယ်ပေးရေး အစီအစဉ်များကို လိုအပ်ဆဲဖြစ်နေကြောင်း ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၁ ခုနှစ်မတိုင်ခင်က တိုက်ပွဲများကြောင့် စုစုပေါင်း လူဦးရေ ၃၇၀၀၀၀ ခန့်သည် ယာယီစခန်းများတွင် နေထိုင်ကြရဆဲဖြစ်ကြောင်း၊ အဆိုပါကိန်းဂဏန်းထဲတွင်၂၀၁၁ ခုနှစ်ကတည်းက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တည်ရှိနေသည့် ယာယီစခန်းများ၌ ကာလရှည်နေထိုင်နေရသော ၁၀၆၁၀၂ ဦးခန့်၊ ၂၀၁၂ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်မှာရှိနေသည့် ယာယီစခန်းများတွင် နေထိုင်နေကြရသော ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုသုံးနှုန်း) ၁၃၈၄၈၆ ဦးနှင့် ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားသည့် တပ်မတော်နှင့် AA အကြားတိုက်ပွဲများကြောင့် တိုက်ပွဲရှောင် ၈၆ရဝဝဦး တို့ ပါဝင်ပါကြောင်း သိရသည်။
ထို့အတူ တပ်မတော်နှင့်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၊ အထူးသဖြင့် ကယားပြည်နယ်နှင့်တနင်္သာရီတိုင်း၏ လုံခြုံရေးအခြေအနေသည် ဆိုးရွားလျက်ရှိနေကြောင်း၊ ကယားပြည်နယ်နှင့် နယ်နိမိတ်ဆက်စပ်လျက်ရှိသော ရှမ်းပြည်နယ် တောင်ပိုင်းတွင်တိုက်ပွဲရှောင်သူ၊ မူလနေထိုင်ရာနေရာသို့ ပြန်လာသူများရှိနေပြီး အောက်တိုဘာလဆန်းထဲတွင် လူဦးရေ ၅၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ တစ်ချိန်တည်းမှာပင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင်လည်း နေရပ်စွန့်ခွာမှုအနည်းငယ်ရှိဟု အစီရင်ခံစာ၌ပါရှိသည်။
အောက်တိုဘာ ၁၁ ရက်က ကိန်းဂဏန်းများအရ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အရှေ့တောင်ပိုင်းဒေသများတွင် တိုက်ပွဲရှောင်ဦးရေ စုစုပေါင်း ၁၅၅၀၀၀ ခန့်ရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ခန့်မှန်းကြောင်း UNOCHA က အစီရင်ခံစာတွင် ဖော်ပြသည်။
အဆိုပါကိန်းဂဏန်းများထဲတွင် ကယားပြည်နယ်မှ ၈၅၈၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ ၁၃၇၀၀၊ ကရင်မှ ၄၉၃၀၀၊ မွန်ပြည်နယ်မှ ၃ဝဝဝနှင့် တနင်္သာရီတိုင်းဒေသကြီးမှ ၃၂၀၀ ခန့် ပါဝင်ကြောင်း သိရသည်။
အလားတူ တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများအပြင် တပ်မတော်မှ တပ်အင်အားတိုးချထားမှုကြောင့် ချင်းပြည်နယ်နှင် ့ဆက်စပ်လျက်ရှိသည့် တိုင်းဒေသကြီးတို့တွင် လုံခြုံရေးအခြေအနေများသည် စိုးရိမ်ရလျက်ရှိကြောင်း၊ချင်းပြည်နယ်တွင် တိုက်ပွဲများလတ်တလော မဖြစ်ပွားသေးသော်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေမှုနှင့် စားနပ်ရိက္ခာ ပြတ်တောက်မှုများကြောင့် မြို့နယ်တချို့တွင် အိုးအိမ်စွန့်ခွာထွက်ပြေးမှုများ ရှိနေကြောင်း၊ မြို့နယ်ငါးခုတွင် လတ်တလော နေရပ်စွန့်ခွာလာသူ ၂၁၄၂၁ ကျော်ရှိနေပြီး မူလနေထိုင်ရာနေရာများသို့ ပြန်သွားသူ အချို့လည်းရှိကြောင်း၊ တပ်မတော်နှင့် AA အကြားက ယခင်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာသူ ၇၆၀၀ ခန့်လည်း ပလက်ဝမြို့နယ်၌ ရှိနေကြောင်း UNOCHA ကဆိုသည်။
ယင်းပြင် မကွေးတိုင်းရှိ မြို့နယ် ၃ ခုတွင် ၁၂၃၂၁ ဦးရေခန့်နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ငါးခုတွင် ၇၁၂၃ ဦးတို့အပါအဝင် အဆိုပါတိုင်းဒေသကြီးတွင် ဦးရေ ၁၉၅၀၀ ခန့်သည် နေရပ်စွန့်ခွာ ထွက်ပြေးရလျက်ရှိကြောင်း၊အရပ်သားပိုင်အိမ်များ မီးလောင်ဖျက်ဆီးခံရမှုများသည်လည်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို ဆိုးရွားစေကြောင်း ဖော်ပြထားသည်။
ကချင်နှင့်ရှမ်းပြည်နယ်၌ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြားတွင်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အချင်းချင်းတွင်လည်းကောင်း တိုက်ပွဲများ၊ ကျေးရွာများတွင် တပ်မတော်က တပ်အင်အားတိုးချထားမှုများကြောင့် ပဋိပက္ခများသည် ပိုမိုဆိုးရွားလာနေပြီး တိုက်ပွဲရှောင်မှုများ၊ အရပ်သားသေကြေ ဒဏ်ရာရမှုများရှိနေကြောင်း သိရသည်။
စက်တင်ဘာ လကုန်ပိုင်းကတည်းက ရွာတွင်းတပ်မတော်က အင်အားတိုးချထားမှုကြောင့် ကချင်ပြည်နယ် ခွန်ဆိုင်ယန်ရွာမှ လူဦးရေ ၄၅၀ ကျော်သည် ဖားကန့်မြို့နယ် လဝါကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း၊ စက်တင်ဘာ ၃၀ ရက် ကိန်းဂဏန်းများအရ လူဦးရေ ၇၈၀၀ ခန့်သည် ကချင်ပြည်နယ် မြို့နယ်ခုနစ်ရှိ ယာယီစခန်းများတွင် နေထိုင်ရလျက်ရှိသည်ဟု ဆိုသည်။
ထို့ပြင် အောက်တိုဘာလထဲတွင် ရှမ်းပြည်နယ် ကျောက်မဲနှင့် မူဆယ်မြို့နယ်တို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား၊ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းကြား တိုက်ပွဲများကြောင့် လူဦးရေ ၂၇၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြကြောင်း၊ အောက်တိုဘာ ၁၅ ရက် ကိန်းဂဏန်းများအရ ရှမ်းပြည်နယ်အတွင်း မြို့နယ်ခုနစ်ရှိ ယာယီစခန်းများ၌ လူဦးရေ ၁၈၂၀၀ ခန့် နေထိုင်ရလျက်ရှိကြောင်း UNOCHA က အစီရင်ခံစာအရ သိရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား