ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ အနောက်ဘက် စွမ်စော်ရပ်ကွက်အတွင်းရှိ ဆောက်လုပ်ဆဲဟိုတယ်တစ်လုံးအား တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က ဧပြီ ၂၃ ရက် ညပိုင်းတွင် ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂၅ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
မူဆယ်-နမ့်ခမ်းသွား ကားလမ်းမကြီးဘေးတွင် ဆောက်လုပ်လျက်ရှိသော ပန်ဆေးပြည်သူ့စစ်ဌာနေအဖွဲ့၏ ဆောက်လုပ်ဆဲဟိုတယ်လုပ်ငန်းခွင်နေရာ၏ အနောက်ဘက် မီတာ ၃၅၀ ခန့်အကွာ၊ စွမ်စော်ရပ်ကွက်အစွန်သို့ ဧပြီ ၂၃ ရက် ည ၈ နာရီခန့်တွင် TNLA အဖွဲ့က 4 Wheel မော်တော်ယာဉ်နက်ပြာရောင်ဖြင့် ရောက်ရှိလာခဲ့ပြီး ဟိုတယ်လုပ်ငန်းခွင်အတွင်းသို့ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် သုံးချက်ပစ်ခတ်ခဲ့ရာ ဟိုတယ်အုတ်နံရံကို တစ်လုံးထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် အခြားထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် TNLA အဖွဲ့အနေဖြင့် မူဆယ်မြို့အတွင်းရှိ ဒေသခံများ ဆက်ကြေးပေးရန် စာဖြင့်ဆက်သွယ်၍ အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် မတ် ၁၅ ရက်တွင်လည်း ပန်ဆေးပြည်သူ့စစ်ဌာနေအဖွဲ့ထံသို့ တရုတ်ဖုန်းနံပါတ်ဖြင့် ဆက်သွယ်၍ TNLA အဖွဲ့မှဖြစ်ကြောင်းပြောဆိုကာ တရုတ်ယွမ် ၁၅ သိန်းအား ဆက်ကြေးအဖြစ်ပေးရန် တောင်းခဲ့ဖူးကြောင်း သိရှိရပြီး အဆိုပါဆက်ကြေးငွေများအား ပေးဆောင်ခြင်းမရှိသောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဖြစ်စဉ်နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
သို့သော်လည်း အဆိုပါပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဧပြီ ၂၄ ရက်တွင် TNLA အဖွဲ့က သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အဆိုပါသတင်းထုတ်ပြန်ချက်တွင် မူဆယ်မြို့ ပန်ခမ်းတံတားအနီးရှိ ပန်ဆေးပြည်သူ့စစ်အဖွဲ့၏ လောင်းကစားရုံအား ၎င်းတို့အဖွဲ့က ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း ဖော်ပြခဲ့သည်။
TNLA အဖွဲ့၊ MNDAA အဖွဲ့နှင့် AA တို့ပါဝင်သော ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပြီး အဆိုပါကြေညာချက်အတိုင်း TNLA အနေဖြင့် ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိစေရန် အထူးအလေးထား ရှောင်ရှားခဲ့ကြောင်း၊ ထိုသို့ရှောင်ရှားမှုကြောင့် တိုက်ပွဲများ လျော့ကျခဲ့ကြောင်းနှင့် TNLA ဘက်မှ စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုလည်း မရှိကြောင်း TNLA ၏ အဆိုပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်သည် နေရာဒေသအသီးသီး၌ COVID- 19 ရောဂါ ခံစားနေရချိန်တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပြင် နယ်စပ်ဒေသနှင့် အခြားမည်သည့်ဒေသတွင်မဆို ဒေသမတည်မငြိမ်ဖြစ်စေမည့်လုပ်ငန်း၊ ပြည်သူလူထု အထိတ်တလန့်ဒုက္ခရောက်စေမည့် လုပ်ဆောင်ချက်များအား TNLA အနေဖြင့် ပြုလုပ်မည်မဟုတ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ပါဝင်သည်။
ထို့ကြောင့် ဧပြီ ၂၃ ရက် ပစ်ခတ်တိုက် ခိုက်မှုသည် TNLA နှင့် သက်ဆိုင်မှုမရှိကြောင်း၊ မူဆယ်မြို့သည် လက်နက်ကိုင်ဆောင်သည့် အဖွဲ့အစည်းများပြားသဖြင့် မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားသည်ကို သိရှိရခြင်းလည်းမရှိကြောင်း TNLA က ထုတ်ပြန်ကြေညာခဲ့သည်။
ဧပြီ ၂၃ ရက်ညပိုင်းတွင် ဖြစ်ပွားခဲ့သော အဆိုပါပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်ဘက်သို့ လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့အဖွဲ့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကလည်း ဧပြီ ၂၅ ရက် ရက်စွဲဖြင့် ဧပြီ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
SSPP အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်း၊ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အစဉ်တစိုက်ကြိုးပမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်အေး ချမ်းရေးကို အမြဲအလေးထားကြောင်းလည်း SSPP ၏ ကြေညာချက်တွင် ဖော်ပြခဲ့ပြီး မူဆယ်မြို့နယ်သည် TNLA၊ KLA၊ SSPP နှင့် ပြည်သူ့စစ်အဖွဲ့များအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများလှုပ်ရှားသော နယ်မြေဖြစ်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား