Top News

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့များအကြား တစ်ဖွဲ့ချင်း ချဉ်းကပ်မှုများရှိလာသဖြင့် အဆင်ပြေသည့်အချိန် အစိုးရ၊ တပ်မတော်နှင့်တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်မည်ဟု SSPP ပြောရေးဆိုခွင့်ရှိသူ ပြောကြား
24htopnews | July 22, 2024 8:12 PM CST

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင်ပတ်သက်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့များအကြား တစ်ဖွဲ့ချင်းအလိုက် ချဉ်းကပ်မှုများရှိလာသည့်အတွက် ၎င်းတို့အနေဖြင့်လည်း အဆင်ပြေသည့်အချိန် အစိုးရ၊ တပ်မတော် နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်း ပြည်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (SSPP/SSA)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုက ပြောကြားသည်။

SSPP အနေဖြင့် ယခင်ကတည်းက ရပ်တည်ထားသည့်အတိုင်း အားလုံးပါဝင်ရေးမူ ကို လက်ကိုင်ထားသော်လည်း မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အနက် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့က တစ်ဖွဲ့ချင်းစီအလိုက် အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေး နိုင်ရန် ချဉ်းကပ်မှုများရှိလာကြောင်း ဗိုလ်မှူးကြီး စိုင်းဆုက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အစိုးရ၏အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ငြိမ်းချမ်းရေးကော်မရှင် (PC) တို့၏ အစည်း အဝေး ပြုလုပ်သည့် သတင်းများကို ကြားသိ နေရသကဲ့သို့ တပ်မတော်ဘက်တွင်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဖွဲ့စည်း ထားသည်ကို ကြားသိရကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆု က ပြောကြားသည်။

“အဲဒါကတော့ကျွန်တော်တို့ပြောနေ ကျပါပဲ။ ကျွန်တော်တို့ကတော့ ဒီ အားလုံး ပါဝင်ရေးမူနဲ့ပဲရပ်တည်ထားတယ်။ ဒါပေမဲ့ လည်းအခုက အစိုးရဘက်ကရော မြောက်ပိုင်းအဖွဲ့များလည်း တစ်ဖွဲ့ချင်း၊ တစ်ဖွဲ့ချင်း ချဉ်းကပ်မှုတွေရှိတယ်။ အဲဒါကြောင့်ပြေ လည်ရာပြေလည်ကြောင်း အဆင်ပြေတာနဲ့ ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးဆောင် ရွက်သွားမှာပါ” ဟု ဗိုလ်မှူးကြီးစိုင်းဆုက ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အစိုးရ၏လုပ်ထုံးလုပ်နည်းများကို လေ့လာရဦးမည်ဖြစ်သကဲ့သို့ တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းထားသော်လည်း တိကျသည့်လုပ်ငန်းစဉ်များ မပါရှိသေးသည့်အတွက် စောင့်ကြည့်လေ့လာရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းဆုက ပြောကြားသည်။

၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ မဆောင်ရွက်နိုင်သေးမီ မူးယစ်ဆေးဝါး တား ဆီးနှိမ်နင်းရေးလုပ်ငန်းများကို အဓိကအ လေးထားပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းဆုက ပြောကြားသည်။

ရှမ်းမြောက်အခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ (SSPP/SSA)သည် ရှမ်း မြောက်ဒေသတွင် ယခုနှစ်များအတွင်း တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားမှုအနည်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

သို့သော်လည်း ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် အားလုံးပါဝင်ရေးမူကို လက်ကိုင်ထားသည့်အတွက် လက်ရှိအချိန်အထိ အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ် ရေးထိုးနိုင်ခြင်းမရှိသေးပေ။

SSPP/SSA အဖွဲ့သည် “၀” အဖွဲ့ (UWSA) ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင်အဖွဲ့ဝင်အဖြစ် ပါဝင်နေ သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုလည်းဖြစ်ပြီး FPNCC တွင် UWSA ၊ မိုင်းလားအဖွဲ့ (NDAA ) တို့နှင့် အတူ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဖြစ်သည့် ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့လည်း ပါဝင်သည်။   

 


READ NEXT
Cancel OK