Top News

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ရွေးကောက်ပွဲကန့်ကွက်လွှာ သုံးမှုခန့်တင်သွင်းရန်ရှိဟု NLD ပါတီ ပြောကြား
24htopnews | July 22, 2024 8:12 PM CST

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာသုံးမှုခန့် တင်သွင်းရန်ရှိပြီး တစ်မှုမှာ တင်သွင်းရန် သေချာကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က The Daily Eleven သတင်းစာကို ပြောကြားသည်။

“ တစ်ခုကတော့ ကျိန်းသေတက်လိမ့်မယ်။ ကျန်တဲ့ နှစ်ခုက အထောက်အထားတွေ မပြည့်စုံသေးလို့။ စုဆောင်းနေတယ်ဆိုတော့ အချိန်မီပဲတင်နိုင်မလား၊ မတင်နိုင်ဘူးလား ကျွန်တော်တို့ ပြောလို့မရသေးဘူး ဖြစ်နေတယ်” ဟု ဒေါက်တာမျိုးညွန့်က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားသည်။

ကိုယ်စားလှယ် ၉၀၀ ကျော် ရွေးကောက်ခံရပြီး အများဆုံးအနိုင်ရပါတီဖြစ်သော်လည်း မဲဆန္ဒနယ်အချို့တွင် ကန့်ကွက်လွှာ တင်သွင်းရခြင်းက တရားမဲ့ပြုကျင့်မှုများ ရှိခြင်းကြောင့်ဟု ၎င်းက ဆိုသည်။

“ တရားမဲ့ပြုကျင့်မှု မြောက်တယ်ဆိုပြီး သူတို့ အထောက်အထားတွေရှိလို့ တင်မှာပေါ့” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

သို့သော် ကန့်ကွက်မည့် မဲဆန္ဒနယ်၊ မည်သည့်ပါတီမှ အနိုင်ရကိုယ်စားလှယ်အား ကန့်ကွက်မည်ကိုမူ ၎င်းက ပြောကြားခြင်းမရှိပေ။

“ အဲဒါတွေတော့ ကျွန်တော်တို့ မပြောပါဘူး။ တင်လိုက်တဲ့အခါကျတော့ သိရမှာပါ” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

NLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂၅၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၃၈ နေရာ၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ၅၂၄ နေရာဖြင့် အနိုင်ရကိုယ်စားလှယ် စုစုပေါင်း ၉၂၀ ရရှိခဲ့သည်။

ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးကိုဖြစ်စေ၊ မဲဆန္ဒနယ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်းအကြောင်းပြ၍ ကန့်ကွက်လိုလျှင် ဖြစ်စေ၊ မဲဆန္ဒနယ်၏ အနိုင်ရကိုယ်စားလှယ်ကို တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ကြေညာပြီး ၄၅ ရက် အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ကြောင်း ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၈၇ တွင် ပြဋ္ဌာန်းထားသည်။

မဲဆန္ဒနယ်တစ်ခုချင်းစီ၏ ရွေးကောက်ပွဲရလဒ်များကို နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်အတွင်း ကြေညာခဲ့၍ ကန့်ကွက်လိုသည့် ကိုယ်စားလှယ်လောင်း၏ မဲဆန္ဒနယ်အလိုက် ကန့်ကွက်လွှာတင်သွင်းနိုင်သည့် ရက်ကွာခြားမှု ရှိနိုင်သည်။

ကန့်ကွက်ရာတွင် ရွေးကောက်ပွဲကိစ္စအတွက် ကော်မရှင်အဖွဲ့ခွဲအသီးသီး၏ ဆုံးဖြတ်၊ ဆောင်ရွက်ချက်များမှအပ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဆီလျော်သော အကြောင်းပြချက်များကို ဖော်ပြရမည်ဟု နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းမှုကို ကိုယ်စားလှယ်လောင်းကိုယ်တိုင်ဖြစ်စေ၊ စာဖြင့် အခွင့်အာဏာလွှဲအပ် ပြဋ္ဌာန်းထားသော ကိုယ်စားလှယ်ဖြစ်စေ ဆောင်ရွက်နိုင်ပြီး ကန့်ကွက်မှုအတွက် အမှုစရိတ် ငွေကျပ်ငါးသိန်း ပေးသွင်းရမည်ဖြစ်သည်။

လတ်တလောသတင်းများအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တို့ကလည်း ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်မှုများရှိသည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းရန် ပြင်ဆင်နေသည်။

SNLD ပါတီက ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) အတွက် ကန့်ကွက်လွှာတင်သွင်းရန် ပြင်ဆင်နေပြီး USDP ပါတီက ကန့်ကွက်လွှာ တင်သွင်းမည့် အမှုအရေအတွက် အတိအကျ မပြောနိုင်သေးကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူများက ပြောကြားသည်။


READ NEXT
Cancel OK