၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်း ၈၇၀၀၀ ကျော် မဲပေးခဲ့ပြီး ယခင်ရွေးကောက်ပွဲများထက် ပူးပေါင်းပါဝင်မှု ပိုမိုများပြားလာသည့်အတွက် အသိအမှတ်ပြုရမည်ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၈ ရက်က ပြုလုပ်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၂/၂၀၂၀)တွင် ဒုတိယသမ္မတက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကာလမတိုင်မီ မသန်စွမ်းသူများ ပါဝင်မဲပေးနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မဲစာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသော မသန်စွမ်းသူများအားလုံး မဲပေးနိုင်ရေး မဲရုံများတွင် မသန်စွမ်းသူများ အဆင်ပြေလွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် လျောစောက်များဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းမှုအလိုက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးခြင်းများဆောင်ရွက်ခဲ့ရာ မသန်စွမ်းသူ စုစုပေါင်း ၈၇၀၀၀ ကျော် ပါဝင်မဲပေးနိုင်ခဲ့သည်ကို သိရှိရကြောင်း၊ ယခင်ရွေးကောက်ပွဲများထက် မသန်စွမ်းသူများ၏ ပူးပေါင်းပါဝင်မှု ပိုမိုတိုးတက်များပြားလာသည်ကို အသိအမှတ်ပြုရမည် ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များအရ မြန်မာနိုင်ငံ၌ မျက်မှန်တပ်သည့်တိုင်အောင် အမြင်ခက်ခဲခြင်းမှာ ၆ ဒသမ ၃ ရာခိုင်နှုန်း၊ နားကြားကိရိယာ တပ်ထားသည့်တိုင်အကြား ခက်ခဲခြင်းမှာ ၂ ဒသမ ၄ ရာခိုင်နှုန်း၊ လမ်းလျှောက်/ လှေခါးတက်ရာတွင် ခက်ခဲခြင်းမှာ ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မှတ်ဉာဏ်/ သင်ယူလေ့လာရာတွင် ခက်ခဲခြင်းမှာ ၄ ဒသမ ၄ ရာခိုင်နှုန်း၊ မိမိကိုယ်မိမိ စောင့်ရှောက်ရာတွင် (တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် အဝတ်အစားဝတ်ဆင်ရာတွင်) ခက်ခဲခြင်းမှာ ၁ ဒသမ ၉ ရာခိုင်နှုန်း၊ အခြားသူများနှင့် ဆက်သွယ်ရာတွင်ခက်ခဲခြင်းမှာ ၁ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ကို သိရှိရကြောင်း ဒုတိယသမ္မတက ပြောကြားသည်။
ထို့ကြောင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကဏ္ဍသည် တစ်စထက် တစ်စ အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်လာသည့်အတွက် ရှေ့ဆက်၍ ပြောင်းလဲလာသော အခြေအနေများကိုမူတည်ကာ ပိုမိုထိရောက်သည့် အကာအကွယ်ပေးနိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ပြန်လည်သုံးသပ် ညှိနှိုင်းခြင်းလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၀) အစည်းအဝေးက ချမှတ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက် ၂၅ ချက်အပေါ် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် နိုင်ငံတော်အစိုးရ၏ ရှေ့ဆက်ဆောင်ရွက်မည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်၍ မသန်စွမ်းသူများအပေါ် အကျိုးဖြစ်ထွန်းစေမှု၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကို အသိအမှတ်ပြု အလေးထားဆောင်ရွက်ပေးကြရန် ဒုတိယသမ္မတက တိုက်တွန်းသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား