ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း၏ လစ်လပ်သွားသော စီမံကိန်း ရင်းနှီးတည်ဆောက်ခွင့် ရရှိသည့်ကုမ္ပဏီ (Developer) နေရာအတွက် စိတ်ဝင်စား၍ ကမ်းလှမ်းမှုများရှိသော်လည်း တင်ဒါအသစ် ခေါ်ယူရန် လတ်တလောအစီအစဉ်မရှိသေးကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်က မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့် စီမံကိန်းလုပ်ငန်း ကိုးခုအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် ချုပ်ဆို ထားသော စီမံကိန်းလုပ်ငန်းဆောင်ရွက်ခွင့် စာချုပ်များအားလုံးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်းလိုက်သည်။
“ အီတာလျံ-ထိုင်းနဲ့ပတ်သက်ပြီး စာချုပ် ရပ်ဆိုင်းလိုက်ပြီးတဲ့နောက်မှာ ကနဦး စီမံကိန်းဧရိယာနဲ့ပတ်သက်ပြီး မည်သည့် Developer နဲ့မှ ဆွေးနွေးနေခြင်း လတ်တလောလုံးဝမရှိသေးပါဘူး။ သို့ရာတွင် ဒီစီမံကိန်းနဲ့ပတ်သက်ပြီး အဲဒီဟာကို စိတ်ဝင်စားတယ်လို့ ကမ်းလှမ်းပြောဆိုမှုတွေကတော့ ယခင်ကတည်းက ရှိနေတာဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီအနေဖြင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် အကြိမ်ကြိမ်နှောင့်နှေးကြန့်ကြာခြင်း၊ စာချုပ်ပါ ဘဏ္ဍာရေးဆိုင်ရာ တာဝန်များ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်း၊ စီမံကိန်းဆောင်ရွက်ရန် ဘဏ္ဍာငွေအထောက်အထား မတင်ပြနိုင်ခြင်းစသည့် စွမ်းဆောင်ရည် အားနည်းချက်များကြောင့် ကော်မတီအနေဖြင့် Developer ကုမ္ပဏီ၏ စွမ်းဆာင်ရည်များအပေါ် ယုံကြည်မှုများ ပျောက်ဆုံးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။
“ ကျွန်တော်တို့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး အခုရပ်ဆိုင်းလိုက်တဲ့အခြေအနေ အခုမှစမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်မယ့်ကိစ္စလေးတွေ ရှိပါတယ်။ ဒီအတွက်ကြောင့် ဒီဧရိယာနဲ့ ပတ်သက်ပြီး တင်ဒါအသစ်ခေါ်ဆိုရန် လတ်တလောစီစဉ်မှု မထားသေးပါဘူး” ဟု ဒေါက်တာထွန်းနိုင်က ဆက်လက်ပြောကြားသည်။
မြန်မာဘက်မှ စာချုပ်များရပ်ဆိုင်းခဲ့သည့်အတွက် အီတာလျံ-ထိုင်းဘက်က ဥပဒေနှင့်အညီ ရင်ဆိုင်သွားမည်ဟု ကုမ္ပဏီက ပြောဆိုမှုများ ရှိလာသည်ဟု သိရသည်။
“ အီတာလျံ-ထိုင်းက ဥပဒေကြောင်းအရ ရင်ဆိုင်လာမယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ရင်ကတော့ ကျွန်တော်တို့ ဖြစ်စဉ်ဖြစ်ရပ်တိုင်း အားလုံးကို မှန်မှန်ကန်ကန်မျှမျှတတ ပြန်လည်ဖြေရှင်းရမယ့်အနေအထား ဖြစ်ပါတယ်။ ဒါကတော့ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ဒီအနေအထား ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီအတွက်လိုအပ်လာရင် လိုအပ်သလို ကျွန်တော်တို့က ပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အီတာလျံ-ထိုင်းကုမ္ပဏီကို အကယ်၍ လျော်ကြေးပေးရခဲ့သည် ရှိသော် စာချုပ်ပါစည်းမျဉ်းစည်းကမ်းများအရ မြန်မာအစိုးရက ပေးဆောင်ရမယ့် တာဝန်ယူရမယ်လို့ သတ်မှတ်ထားတာမဟုတ်ပါဘူး။ ဒီအီတာလျံ-ထိုင်းကုမ္ပဏီ ဆောင်ရွက်မယ့်ကနဦး စီမံကိန်းဧရိယာက နောက်ထပ် Developer အသစ် အစားထိုးဝင်ရောက်လာခဲ့ရင် အီတာလျံ-ထိုင်းကုမ္ပဏီအတွက် ပေးရန် ပေးသင့်ပေးထိုက်တဲ့ လျော်ကြေးဆိုတဲ့ တစ်စုံတစ်ရာကို ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းနိုင်က ဆိုသည်။
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား