ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား ဇူလိုင်လနောက်ဆုံးထား၍ ကျင်းပရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ အစိုးရက အဆိုပြုထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
မေ ၃၀ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုကို ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအစည်းအဝေး ကျင်းပရေးနှင့်ပတ်သက်၍ ဇူလိုင်လ နောက်ဆုံးထားကျင်းပရန် မေ ၂၉ ရက်တွင် အစိုးရဘက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ အဆိုပြုထားခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
“ အဆိုပြုလိုက်တာက ကျွန်တော်တို့လာမယ့် နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောကြားထားတာ ရှိပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ကျွန်တော်တို့ Campaign ကာလရက်ပေါင်း ၉၀ ပေးထားတယ်။ ရက်ပေါင်း ၉၀ ပေးတော့ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ ဒီသုံးလက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး Campaign ကာလဖြစ်သွားမယ်။ ဖြစ်သွားမယ်ဆိုရင် ကျွန်တော်တို့ ညီလာခံသည် ဒီ Campaign ကာလ မရောက်ခင်မှာ ကျွန်တော်တို့ ကျင်းပဖို့ လိုတယ်။ အဲဒီတော့ ကျွန်တော်တို့သည် နောက်အကျဆုံး ဇူလိုင်လမှာကျင်းပဖို့ ကျွန်တော်တို့ အဆိုပြုပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၃) အား ချုပ်ဆိုမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စာချုပ်တွင် ထည့်သွင်းချုပ်ဆိုမည့် အချက်များနှင့်ပတ်သက်၍ သဘောတူညီချက် ရရှိထားပြီးဖြစ်သော အချက်များရှိသကဲ့သို့ သဘောတူညီချက် မရရှိသေးဘဲ ညှိနှိုင်းနေရသော အချက်များလည်းရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
ယခုချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် အပိုင်းသုံးပိုင်း ပါဝင်မည်ဖြစ်ပြီး ပထမပိုင်းတွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ဒုတိယပိုင်းတွင် ၂၀၂၀ ရွေးကောက်ပွဲအလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုနှင့် တတိယပိုင်းတွင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
လက်ရှိတွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်တွင် နှစ်ဖက်ဘုံသဘောတူညီချက် ၁၀ ချက်ရရှိထားပြီး နောက်ထပ် ၁၀ ချက်အား ညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုတွင် စုစုပေါင်းအချက် ရှစ်ချက်ရှိပြီး အဆိုပါ ရှစ်ချက်အနက် ခုနစ်ချက်အား သဘောတူညီထားပြီးဖြစ်ကာ လုံခြုံရေးဆိုင်ရာ အချက်တစ်ချက်မှာ ကျန်ရှိနေသေးကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
“ အဲဒီလုံခြုံရေးကိစ္စက ဘာနဲ့ ကျွန်တော်တို့ တစ် (ဆို့) နေသလဲဆိုရင် ကျွန်တော်တို့ တပ်မတော်နဲ့ အစိုးရဘက်က NCA မှာပါတဲ့အတိုင်းပေါ့နော်။ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ သွားချင်တယ်။ EAO တွေဘက်ကကျတော့ ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ လုံခြုံရေးစနစ်ဆိုတဲ့ ခေါင်းစဉ်နဲ့သွားချင်တယ်။ အဲဒီအနေအထားမှာ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းနေတဲ့ အနေအထားဖြစ်တယ်။ အဲဒါပြေလည်သွားပြီဆိုရင်တော့ ကျွန်တော်တို့ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုမှာလည်း ကျွန်တော်တို့ စာချုပ်ချုပ်လို့ရမယ့် အနေအထားရပြီ” ဟု ဦးဇော်ဌေးက ပြောကြားသည်။
ဖက်ဒရယ်မူနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က NCA စာချုပ် လေးနှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားခဲ့သော မိန့်ခွန်းတွင် ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ အခြေခံမူ ငါးချက်ပါဝင်ပြီး အဆိုပါအချက်ငါးချက်ကို နှစ်ဖက်ဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက သဘောတူလက်ခံထားကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
ယခု ဆွေးနွေးထားမှုများနှင့်ပတ်သက်၍ အပြုသဘောရှုမြင်ကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့ပြီး အကယ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပမည့် အချိန်ကာလတွင် COVID-19 ရောဂါ ဆက်လက်ရှိနေပါက ညီလာခံကျင်းပမည့်ပုံစံနှင့် ညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ်များဦးရေနှင့် ပတ်သက်၍လည်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။
-
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိ
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား