Top News

၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဇွန်လအတွင်း အပြီးရွေးချယ်သွားရန် ပြင်ဆင်ထားကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် ပြောကြား
24htopnews | June 20, 2024 4:12 PM CST

၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဇွန်လအတွင်း အပြီးရွေးချယ်သွားရန် ပြင်ဆင်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ (၂) မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ယနေ့ (မေ ၃၁ ရက်) က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ (၂) တွင် ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) အစည်းအဝေးအပြီးတွင် မီဒီယာများအား ဒေါက်တာဇော်မြင့်မောင် က Video Conferencing ဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်က အလုပ်အမှုဆောင်အဖွဲ့တွေကို ကိုယ်စားလှယ်လောင်းရွေးဖို့ အချိန်ကျလာပြီပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ၂၀၁၅ တုန်းက အခြေအနေကို ကြည့်ပြီးတော့ ကိုယ်စားလှယ်လောင်းရွေးဖို့ အဆင်သင့်ပြင်ကြဖို့ လှမ်းအကြောင်းကြားတာ”  ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲသည့် မည့်သည်အချိန်တွင် လုပ်မည်ဆိုသည်ကို တိတိကျကျ မသိသေးသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) မှ ကျင်းပရန်အတွက် ရက်သတ်မှတ်လိုက်သည်နှင့် အဆင့်သင့် ဖြစ်နေစေရန်အတွက် ကိုယ်စားလှယ်လောင်းများကို ရွေးရန်အတွက် မြို့နယ်များအား အကြောင်းကြားထားကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဒေါက်တာဇော်မြင့်မောင်က “တစ်ကတော့ ကိုယ်စားလှယ်လောင်းရွေးဖို့၊ မြို့မိမြို့ဖ ငါးဦးရွေးရမယ့်ဆိုတာ အရင်လုပ်ရပါလိမ့်မယ်။ ကိုယ်စားလှယ်လောင်း ရွေးမှာကို မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က ရွေးပါလိမ့်မယ်။ မြို့နယ်အလုပ်အမှုဆောင် သို့မဟုတ် စည်းရုံးရေးအဖွဲ့က ရွေးလိမ့်မယ်။ ဒါပေမယ့် သူတို့ကြည့်ရွေးလို့မရဘူး။ ပထမဆုံး တစ် မြို့မိမြို့ဖ ငါးဦး ရွေးပေးပါ။ ဒါကတော့ NLD ပါတီကပဲ ရွေးရမှာနော်။ တခြားလူက ရွေးလို့မရဘူး” ဟု ပြောကြားသည်။

မြို့မိမြို့ဖ ငါးဦးနှင့် EC အဖွဲ့ သို့မဟုတ် မြို့နယ်စည်းရုံးရေးအဖွဲ့များနှင့် ရွေးချယ်၍ ဦးစားပေး တစ် ကိုယ်စားလှယ်လောင်း၊ ဦးစားပေး နှစ် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်၍ ပို့ပေးရန်အတွက် ရက်သတ်မှတ် ပေးလိုက်ကြောင်းလည်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“နောက်တစ်ခုက ဘာလဲဆိုလို့ရှိရင် ရွေးကောက်ပွဲအတွက် အဆင်သင့် ပြင်ကြဖို့ဆိုတာကို ကျွန်တော်က ပြောချင်တာ။ ကျွန်တော်တို့ ဒီအစည်းအဝေးကနေ စာထွက်ပါမယ်။ ဇွန် ၂ ရက်နေ့ စာထွက်မယ်။ မြို့မိမြို့ဖ ရွေးပေးဖို့။ ဇွန် ၄ ရက်နေ့မှာ ကျွန်တော်တို့က ဘာစာထွက်မလဲ ဆိုလို့ရှိရင် ကိုယ်စားလှယ်လောင်း ရွေးချယ်ပေးဖို့။ အဲ့တော့ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်က ရွေးတာတွေကို စီစစ်ပြီးတော့ ဗဟိုကို ပို့ပေးရမှာ။ ဇွန်လအပြီး ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းရွေးဖို့ ဆိုပြီးတော့ လောလောဆယ် ပြင်ထားတယ်” ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။


READ NEXT
Cancel OK