ချင်းပြည်နယ် ပလက်ဝမြို့နယ်၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာရှိ ပလက်ဝမြို့အား စိုးမိုးထားသော ပွိုင့်-၆၀၂ ၊ ပွိုင့်-၅၆၅ နှင့် ပွိုင့်-၅၄၀ နေရာများတွင် အခိုင်အမာနေရာယူ၍ ပလက်ဝဒေသ နယ်မြေလုံခြုံရေး၊ ကုလားတန်မြစ်ကြောင်း တစ်လျှောက် လမ်းကြောင်းလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးများ အပါအဝင် ကုလားတန်မြစ်ကူးတံတားနှင့် လမ်းဖောက်လုပ်ရေး စီမံကိန်းများအား နှောင့်ယှက် ခြိမ်းခြောက်ခဲ့သည့် AA အဖွဲ့၏ အခိုင်အမာ ခြေကုပ်စခန်း သုံးခုနှင့် ကာကင်းစခန်းများကို မေ ၃၁ ရက် နံနက် ၈ နာရီခန့်တွင် တပ်မတော်က အပြီးတိုင် သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မေ ၂၄ ရက်မှစ၍ ပလက်ဝဒေသ နယ်မြေစိုးမိုးရေး လုပ်ငန်းများကို အသေးစိတ် ဆောင်ရွက်ခဲ့ပြီး ထိုသို့ဆောင်ရွက်ရာ မေ ၂၄ ရက်တွင် ပွိုင့်-၅၄၀ တောင်ကုန်းအား တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထပ်မံ၍ အဆင့်ဆင့်ခြေကုပ်ယူ တိုက်ခိုက်ခဲ့ရာ မေ ၂၅ ရက်တွင် အဆိုပါစခန်း၏ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ရှိ ကာကင်းစခန်းနှစ်ခုအား တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေ ၃၀ ရက်တွင် ပွိုင့်-၆၀၂ ၏ အရှေ့ ကာကင်းစခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး ပွိုင့်-၅၆၅ ၊ ပွိုင်-၆၀၂ နှင့် ၎င်းတောင်ကုန်းနှစ်ခုကို အထောက်အကူပြုထားသည့် ကြားကာကင်းစခန်းတို့အား ရင်ဆိုင်ထိန်းချုပ်၍ ဆက်လက် တိုက်ခိုက်ခဲ့ရာ ပွိုင့်-၆၀၂ ၊ ပွိုင့်-၅၆၅ နှင့် ပွိုင်-၅၄၀ အခိုင်အမာနေရာများနှင့် ကာကင်းစခန်း လေးခုတို့အား မေ ၃၁ ရက် နံနက်ပိုင်းတွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
အထက်ပါ ဖြစ်စဉ်များတွင် AA အဖွဲ့ထံမှ အလောင်းများ၊ လက်နက်ကြီးများ အပါအဝင် လက်နက်မျိုးစုံ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့လည်း ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ တပ်မတော်စစ်ကြောင်းများက နယ်မြေဒေသလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
AA အဖွဲ့သည် မတ်လမှစ၍ ပလက်ဝမြို့ကို ဖြတ်တောက် ပိတ်ဆို့ရန် ကျောက်တော်-ပလက်ဝလမ်းကြောင်း၊ မတူပီ-ဆမီး-ပလက်ဝလမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ အစိုးရနှင့် တပ်မတော်ကို အကျပ်အတည်း ဖြစ်စေရေးအတွက် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် စစ်တွေ-ရန်ကုန် ပြည်ထောင်စုလမ်းမကြီးပေါ် မင်းပြား-ရာမောင်တံတား အနီးတစ်ဝိုက်ရှိ ပွိုင့်-၁၁၄ တောင်ကုန်းတွင် နေရာယူကာ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန် နှောင့်ယှက်တိုက်ခိုက်မှုများ စသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပွိုင့်-၁၄၄ တောင်ကုန်းအနီးရှိ AA အဖွဲ့၏ နေရာ ငါးနေရာအား မေ ၈ ရက်တွင် အဆင့်ဆင့်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
AA အဖွဲ့သည် ပလက်ဝမြို့အနီးရှိ စိုးမိုးတောင်ကုန်းများဖြစ်သည့် ပွိုင့်-၆၀၂ ၊ ပွိုင့်-၅၆၅ နှင့် ပွိုင်-၅၄၀ တောင်ကုန်းများတွင် အခိုင်အမာနေရာယူ၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ဖမ်းဆီးခေါ်ဆောင်းသွားခဲ့သည့်ဖြစ်စဉ်၊ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်တွင် ပလက်ဝ-ဇိုရမ်ပူကာလမ်းဖောက်လုပ်နေသည့် C&C ကုမ္ပဏီမှ အိန္ဒိယနိုင်ငံသား ရှစ်ဦး၊ စကားပြန် နှစ်ဦးနှင့် လုပ်သား ငါးဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်များ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
AA အဖွဲ့က ဧပြီ ၂၂ ရက်တွင် ပလက်ဝမြို့အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် မြို့တွင်းရှိ မြန်မာ့စီးပွားရေးဘဏ်အနီး ကျရောက်ပေါက်ကွဲခဲ့ရာ ဘဏ်ဝန်ထမ်းများနှင့် မိသားစုဝင်များ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီ ၁၂ ရက်တွင် အရပ်သားအသွင်ယူ၍ ပလက်ဝမြို့အတွင်း ဝင်ရောက်ကာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်မောင်အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
AA အဖွဲ့အနေဖြင့် ပလက်ဝဒေသ နယ်မြေလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးများကို ခြိမ်းခြောက်နေပြီး ချင်းပြည်နယ်အစိုးရနှင့် အလှူရှင်များက ပလက်ဝဒေသခံများအတွက် ပေးပို့လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများနှင့် WFP မှ လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်ရယူ သုံးစွဲနေသည့်အတွက် တပ်မတော်က ယခုကဲ့သို့ နယ်မြေလုံခြုံရေး လုပ်ငန်းများနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများအား အသေးစိတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းရှိ သဇင်မြိုင်ရဲကင်းစခန်းအား မေ ၂၉ ရက်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော AA အဖွဲ့နောက်သို့ တပ်မတော်စစ်ကြောင်းများက လိုက်လံပိတ်ဆို့ နှိမ်နင်းနေကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ထိုသို့ လိုက်လံပိတ်ဆို့ နှိမ်နင်းလျက်ရှိရာ မေယုမြစ်အတွင်း စစ်ရေယာဉ်များဖြင့် လိုက်လံပိတ်ဆို့ ရှင်းလင်းစဉ် မေ ၃၀ ရက် ည ၉ နာရီခန့်တွင် ရသေ့တောင်မြို့နယ် ရပ်ခုံတိုင်ကျေးရွာအနီးအရောက်၌ AA အဖွဲ့က မေယုမြစ်၏ အနောက်ဘက်ကမ်းစပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် စစ်ရေယာဉ်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
အဆိုပါ ရပ်ခုံတိုင်ေကျေးရွာသည် AA အဖွဲ့ စိမ့်ဝင်လှုပ်ရှားလျက်ရှိသည့် ကျေးရွာဖြစ်ပြီး ၂၀၁၉ ခုနှစ် သြဂုတ် ၈ ရက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ၏ နေအိမ်အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား နှစ်သန်း ငါးသိန်းခန့် နှင့် ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ လမ်းလျှောက်စကားပြောစက် ၅၂ လုံး၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောကြားသည်။
ထို့ပြင် တပ်မတော်စစ်ကြောင်းများက AA အဖွဲ့အား ကုန်းလမ်းတစ်လျှောက် လိုက်လံပိတ်ဆို့ ရှင်းလင်းရာ မေ ၃၀ ရက် နံနက်ပိုင်းတွင် သဇင်မြိုင်ရဲစခန်း၏ အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာသို့အရောက်၌ AA အဖွဲ့ ယာယီနေရာယူထားသည့် ပွိုင့်-၇၇ တောင်ကုန်းအား တွေ့ရှိရသဖြင့် လက်နက်ကြီး ပစ်ကူရယူ၍ တိုက်ခိုက်ချေမှုန်းခဲ့ရာ AA အဖွဲ့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး အဆိုပါ ပွိုင့်-၇၇ တောင်ကုန်းအား တပ်မတော်က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ကုန်းအား အသေးစိတ်ရှင်းလင်းခဲ့ရာ တစ်ယောက်ပစ်ကျင်း ၇၂ ကျင်း၊ နှစ်ယောက်အိပ်တဲ ၂၀ လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ဆုတ်ခွာထွက်ပြေးသွားသော AA အဖွဲ့နောက်သို့ တပ်မတော်စစ်ကြောင်းများက ထပ်ကြပ်လိုက်လံ ပိတ်ဆို့ ရှင်းလင်းနေကြောင်းနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
-
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိ
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား