Top News

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား နေပြည်တော်တွင် တရားစွဲဆိုထားသည့်အမှုများကို စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တွင် စစ်ဆေးရန် ရုံးချိန်းထပ်မံပြောင်းလဲ ချိန်းဆို
24htopnews | June 19, 2024 4:12 PM CST

သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား နေပြည်တော်တွင် တရားစွဲဆိုထားသည့်အမှုများကို စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်များတွင် စစ်ဆေးရန် ပြောင်းလဲချိန်းဆိုထားကြောင်း ၎င်းတို့၏အမှုများကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

နေပြည်တော်တွင် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ပုဒ်မ  ၂၅ ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အားလည်းကောင်း တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် ဇူလိုင် ၁၃ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက်ပိုင်း အများပြည်သူ ရုံးပိတ်ရက်များကြောင့် ရုံးထုတ်စစ်ဆေးခဲ့ခြင်းမရှိဘဲ ရုံးချိန်းများကိုသာ ရွှေ့ဆိုင်း၍ ချိန်းဆိုနေခြင်းဖြစ်သည်။

“ ၆ ရက်၊ ၇ ရက်ကို ရွှေ့လိုက်တယ်လို့ ပြောတယ်၊ ရုံးချိန်းက။ အရင်လိုပဲ တနင်္လာနေ့ လေးမှုက ၆ ရက်နေ့ပေါ့၊ အင်္ဂါနေ့နှစ်မှုက ၇ ရက်နေ့ ရွှေ့လိုက်တယ်လို့ပြောတယ်။ Conferencing နဲ့ပေးတယ်လို့ပြောတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် သြဂုတ် ၂၃ ရက်မှ သြဂုတ် ၃၁ ရက်အထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက် ဥပဒေပုဒ်မ ၂၅ အရ တိုးမြှင့်သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “၃၁  ရက်နေ့အထိ ပိတ်တယ်။ ကျွန်တော်တို့က တနင်္လာ၊ အင်္ဂါတိုင်း ရုံးချိန်းဆိုပြီး သတ်မှတ်ထားတယ်။ အခုဟာ ၁၃ ရက်နေ့ ပြီးကတည်းက ၁၇ ရက်နေ့မှာ ပိတ်လိုက်တာ၊ ဆက်တိုက်ပိတ်တာပေါ့။ တနင်္လာ၊ အင်္ဂါ တစ်ခါပိတ်ရင် နောက်ထပ် တနင်္လာ၊ အင်္ဂါ ပြန်ရွှေ့ပေါ့။ အဲဒီလို လုပ်တယ်။ အခုဟာကျတော့  ၃၁ ရက်နေ့အထိဆိုတော့ နောက်တစ်ပတ် တနင်္လာ၊ အင်္ဂါနေ့အထိပဲ။ အဲဒီတော့ နောက်တစ်ပတ် တနင်္လာ၊ အင်္ဂါလည်းပိတ်မှာပဲ၊ ရုံး ချိန်းရှိမှာမဟုတ်ဘူး။ အဲဒီတော့ ပိတ်ရက်တွေ ရပ်သွားမှ၊ ကျွန်တော်တို့ သတင်းတစ်ခုအနေနဲ့ ပေးရရင်တော့ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းမြင့်တို့၊ ဒေါက်တာမျိုးအောင်တို့နဲ့ တွေ့ခွင့်ရဖို့အတွက် လျှောက်ဖို့ စီစဉ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နဲ့ မတွေ့ရတာဟာ သီတင်းပတ်ခြောက်ပတ်ရှိပြီ။ အဲဒီတော့ စစ်ဆေးဆဲ အမှုတွေနဲ့ပတ်သက်လို့က တိုင်ပင်စရာလေးတွေလည်း ရှိတယ်။ အဲဒါအပြင် နောက်အမှုတွေ တက်လာတာရှိတယ်။ မန္တလေးမှာ လေးမှု၊ ထပ်ပြီးတော့ ယခင်နေ့က သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို မြေကွက်ကိစ္စနဲ့ပတ်သက်ပြီးတော့ အဂတိကနေပြီးတော့ ရဲကို တိုင်လိုက်တယ်လို့ ပြောတယ်။ နောက်တစ်မှုပေါ့။ အဲဒီတော့ အဲဒီအမှုတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ရှေ့နေကိုယ်စားလှယ်စာတွေ ယူဖို့ ရှိပါတယ်။ နောက်တစ်ခါ အဲဒီအမှုတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အခုဟာ ဘာမှ မသိသေးဘူး။ အဲဒီတော့ သူတို့ဘာသိထားသလဲ။ သူတို့ကိုရော စစ်သလား။ အဲဒါတွေ မေးဖို့အတွက် ရှေ့နေတွေနဲ့ အမှုသည်တွေ မေးဖို့အတွက် တွေ့ဆုံခွင့်လိုအပ်တယ်လို့ ထင်ပါတယ်။ အဲဒါကြောင့်မလို့ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ အဲဒီသုံးယောက်ကို တွေ့ခွင့်တောင်းပါမယ်။ ကျွန်တော်ထင်တယ်။ မနက်ဖြန် သဘက်ခါပေါ့။ ဒီနေ့ ရုံးလည်း ဖွင့်တာတော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးဆီပေါ့။ သူက ကျွန်တော်တို့နဲ့ ရဲတပ်ဖွဲ့အကြားမှာ ဆက်သွယ်ရေး အရာရှိလိုဖြစ်နေတော့ သူ့ဆီကတစ်ဆင့် တင်ရမှာပေါ့” ဟု ပြောကြားသည်။

သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ အပတ်စဉ် တနင်္လာနေ့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိပြီး သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ အပတ်စဉ် အင်္ဂါနေ့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိပြီး ယင်းအမှုများအားလုံးကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးမည်ဟု ဇွန် ၇ ရက် ရုံးချိန်းတွင် ပြုလုပ်သော မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း သိရသည်။

သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် နေပြည်တော်တွင် တရားစွဲဆိုထားသည့်အတွက် တရားလိုနှင့် လိုပြသက်သေများအား စစ်ဆေးပြီးခဲ့ခြင်းကြောင့် အမှုအား စွဲချက်တင်သင့်၊ မတင့်သင့်ကို လာမည့်ရုံးချိန်တွင် လျှောက်လဲချက် ပေးရမည်ဖြစ်ကြောင်းလည်း သိရသည်။


READ NEXT
Cancel OK