အားလုံးပါဝင်နိုင်ပြီး အချိုးကျ ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ၏ဆန္ဒကို အလေးထားနိုင်ရန် PR စနစ်ဖြင့် ကျင့်သုံးဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ် ၂၃ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၄/၂၀၂၁)တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့အနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ တိုးတက်မှုရှိစေရေးအတွက် ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့် ဦးတည်ချက်ကိုးရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမဆုံးဦးတည်ချက်အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်၏ တွေ့ရှိချက်များကို ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး မကြာမီအချိန်အတွင်း တွေ့ရှိချက်အနှစ်ချုပ်ကို ပြည်သူလူထုနှင့် နိုင်ငံတော်သို့ ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ မဲမသမာမှုများကြောင့်သာ နိုင်ငံတော်၏တာဝန်ကို ယူခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ အမျိုးမျိုး ပြောကြားနေမှုများရှိပြီး ဒီမိုကရေစီကျင့်စဉ်အရ စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို ဝေဖန်ပိုင်ခွင့်ရှိသော်လည်း ခိုင်လုံသည့် အကြောင်းအရာနှင့် အကြောင်းပြချက်များ ရှိရမည် ဖြစ်ကြောင်း၊ သို့သော် မျက်စိစုံမှိတ်၍ မိမိပြောချင်ရာပြောနေမည်ဆိုပါက ဒီမိုကရေစီ၏ အနှစ်သာရရှိမည် မဟုတ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ၎င်းက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်နေပြီး ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် ဆန္ဒမဲပေးခွင့်ရှိသူ၏ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း၏ ထောက်ခံမဲဖြင့် အများဆန္ဒနှင့်အညီ အတည်ပြုဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊ အဆိုပါလူများအနက် ၈၀ ရာခိုင်နှုန်းခန့်သည် ယခုအချိန်အထိ သက်ရှိထင်ရှားရှိနေသူများဖြစ်၍ ၎င်းတို့၏ဆန္ဒကို လေးစားတန်ဖိုးထားရန်လိုကြောင်း၊ အခြေအနေအချိန်အခါအရ ပြင်ဆင်သင့်သည်များရှိသည်ကို လက်ခံကြောင်း၊ ဥပမာအားဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဝန်ကြီးချုပ်များခန့်အပ်ရေးနှင့်ပတ်သက်၍ နယ်မြေဒေသအလိုက် သဘောထားများ ကိုက်ညီမှုတွင် လိုအပ်ချက်ရှိခြင်း၊ ရွေးချယ်ခံ ကိုယ်စားလှယ်များအား Right to Recall ဥပဒေ မထုတ်နိုင်ခြင်းတို့ကို တွေ့နေရကြောင်း၊ အလားတူ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်များ သဟဇာတ မဖြစ်ပါက ဆုံးဖြတ်ချက်အတွက် ပြဿနာဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အားလုံးပါဝင်နိုင်ပြီး အချိုးကျကိုယ်စားပြုသည့် ကိုယ်စားလှယ်များ၏ ဆန္ဒအား အလေးထားနိုင်ရန် PR စနစ်ဖြင့် ကျင့်သုံးဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးချယ်ခံကိုယ်စားလှယ်၊ ရွေးချယ်တင်မြှောက်မှု စနစ်နှင့်ပတ်သက်၍လည်း ပြင်ဆင်ရန်ရှိသည်များရှိကြောင်း၊ မိမိတို့တာဝန်ယူချိန်ကာလအတွင်း ပြင်ဆင်၍ရသည်များကို အားလုံးတိုင်ပင်ညှိနှိုင်း၍ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပတ်သက်၍ တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးဟု ပြောသည်များ ရှိကြောင်း၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တိုင်းရင်းသားအရေးကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အချို့သည် ဒီမိုကရေစီအခွင့်အရေးကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားအရေးသည် ဖက်ဒရယ်နှင့် ဒီမိုကရေစီကို အခြေခံ၍ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ၏ အနှစ်သာရသည် အများဆန္ဒအရဆောင်ရွက်ခြင်း ဖြစ်ပြီး သာတူညီမျှဖြစ်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အဓိကတိုင်းရင်းသားလူမျိုး ရှစ်မျိုး၊ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုး ခန့်နေထိုင်ကြခြင်းဖြစ်သဖြင့် အများဆန္ဒကို ကြည့်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအခွင့်အရေးကို တောင်းဆိုရာတွင် အဆိုပါ ဒီမိုကရေစီကျင့်စဉ်အား လိုက်နာရန်လိုကြောင်း၊ မိမိအစုအဖွဲ့အတွင်း၊ နယ်မြေအတွင်း ဒီမိုကရေစီ ကျင့်စဉ်ရှိရန် လိုကြောင်း၊ ဒီမိုကရေစီကျင့်စဉ်အား နိုင်ငံသားတိုင်း၊ တိုင်းရင်းသားတိုင်း သိရှိပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် လိုက်နာမှုမရှိဘဲ အချင်းချင်း ပဋိပက္ခဖြစ်မှုများရှိပြီး အကြောင်းမဲ့ သတ်ဖြတ်မှုများရှိကြောင်း၊ နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ဒီမိုကရေစီကျင့်စဉ်များကို လိုက်နာရန်လိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့နယ်မြေအတွင်း ဒီမိုကရေစီအလေ့အထများဖြစ်သည့် ဥပဒေလေးစားလိုက်နာခြင်း၊ စည်းကမ်းလေးစားလိုက်နာခြင်းနှင့် လူ၏တန်ဖိုးကို တန်ဖိုးထားခြင်းများ လိုက်နာဆောင်ရွက်ရန်လိုပြီး ဒီမိုကရေစီနှင့်လျော်ညီသည့် ကျင့်ကြံ၊ ပြောဆို၊ လုပ်ကိုင်မှုများ ရှိရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
-
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိ
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား