Top News

စစ်ပွဲများကို ရှောင်ရှား၍  နိုင်ငံရေးပြဿနာများကို စစ်မှန်သည့် နည်းလမ်းဖြင့် ဖြေရှင်းရန် မျှော်လင့်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)  ထုတ်ပြန်
24htopnews | June 19, 2024 4:12 PM CST

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီအနေဖြင့် စစ်ပွဲများကို ရှောင်ရှား၍ နိုင်ငံရေးပြဿနာများကို စစ်မှန်သည့် နည်းလမ်းဖြင့် ဖြေရှင်းရန် မျှော်လင့်ကြောင်း သြဂုတ် ၂၄ ရက်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ထုတ်ပြန်ကြေညာသည်။

ကချင်ဘာသာဖြင့် ရေးသားဖော်ပြထားသည့် အဆိုပါ ထုတ်ပြန်ကြေညာချက်ကို ဒေသတွင်း သတင်းဌာန ဖြစ်သည့် Kachin Wave က သြဂုတ် ၂၄ ရက်တွင် ထိုသို့ ဘာသာပြန်ရေးသားဖော်ပြခဲ့သည်။

COVID-19 ကပ်ရောဂါ ဆိုးရွားစွာ ပြင်းထန်လာမှုကြောင့် ပြည်သူလူထုအနေဖြင့် ခိုကိုးရာမဲ့ဖြစ်နေသည်ကို KIO က စိတ်မကောင်းဖြစ်ရကြောင်းလည်း Kachin Wave ၏ ဘာသာပြန်ရေးသားဖော်ပြချက်တွင် ပါရှိသည်။ COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ ကူညီထောက်ပံ့ပေးနေသည့် အိမ်နီးနား ချင်းနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ သက်ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ကြောင်း၊ ဆက်လက်ပြီး ကူညီထောက်ပံ့ပေးရန်နှင့် အဆိုပါ ကူညီထောက်ပေးသည့် အကူအညီများကို KIO မှတစ်ဆင့် လိုအပ်နေသည့် ပြည်သူများထံ ကူညီပေးရန် အသင့်ဖြစ်ကြောင်းလည်း KIO က ထုတ်ပြန်သည်။

“ ထုတ်ပြန်ချက်ရဲ့ ရည်ရွက်ချက်ကတော့ ရေးထားတဲ့အတိုင်း စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ အားလုံးက ခက်ခဲသွားတယ်။ တစ်နေ့ပြီးတစ်နေ့ ပိုပိုဆိုးလာတယ်။ COVID-19 ကလည်း နေရာတိုင်းမှာ ပျံ့နှံ့နေတယ်။ ဆေးကုသပေးမယ့်သူတွေလည်း မရှိဘူး။ ဘယ်သူမှ တာဝန်မယူပေးတော့ ပြည်သူလူထုတွေလည်း သနားစရာ ဒုက္ခရောက်သွားတယ်။ ခိုကိုးရာမဲ့အခြေအနေဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ကေအိုင်အို အနေနဲ့တော့ မငြိမ်းသေးတဲ့ စစ်ပွဲတွေကို အဖြေရှာဖို့ တိုင်ပင်စရာရှိတဲ့ အဖွဲ့အစည်းအားလုံးနဲ့ တိုင်ပင်ဆွေးနွေးပြီး စစ်မှန်တဲ့ အဖြေရှာသွားဖို့က ကောင်းတယ်ပေါ့။ ကျွန်တော်တို့ရဲ့ အမြင်သဘောထားက အဲဒါပဲ” ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက Kachin Wave သို့ ပြောသည်။

Kachin Wave သတင်းဌာန၏ သတင်းဖော်ပြချက်တွင် KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာနမှ ဗိုလ်မှူးကြီး နော်ဘူ၏ ပြောကြားချက်ကို ဖော်ပြထားသော်လည်း The Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းရာတွင် ဆက်သွယ်၍ မရခဲ့ပေ။

“ အခုက နိုင်ငံရေး အဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့တွေလည်း နိုင်ငံရေး ဆက်လုပ်လို့လည်း မရဘူး။ တော်လှန်ရေးအဖွဲ့တွေလည်း အဲဒီတိုင်းပဲ။ တိုက်ပွဲတိုက်ဖို့ဆိုရင်လည်း COVID က ပိုပိုပြီးဆိုးလာတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက်က စစ်မှန်တဲ့နည်းလမ်းကိုရှာပြီး တိုင်ပင်ဆွေးနွေးရမယ့်အဖွဲ့ ဆွေးနွေးသွားရင်တော့ အကျိုးရှိလိမ့်မယ်။ စစ်ပွဲတွေကိုလည်း ရှောင်နိုင်သလောက် ရှောင်ပြီး လုပ်ဆောင်သွားရင်တော့ အကျိုးရှိတယ်ဆိုတဲ့ သဘောထား ဟုတ်တယ်။ ဆွေးနွေးမယ်ဆိုတဲ့အထဲမှာ စစ်ကောင်စီနဲ့ပဲ ဆွေးနွေးမယ် မဟုတ်ဘူး။ ဆွေးနွေးရမယ့် အဖွဲ့အစည်း အားလုံးနဲ့ ဆွေးနွေးရမယ်” ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက Kachin Wave သို့ ပြောသည်။

KIO/KIA သည် ယခင်အစိုးရလက်ထက်က ပဏာမအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲများနောက်တွင် နိုင်ငံရေးဆွေးနွေးမှုများ ရပ်တန့်သွားခဲ့ပြီး KIA နှင့် တပ်မတော်အကြားတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။


READ NEXT
Cancel OK