Top News

ရွေးကောက်ပွဲ အနိုင်ရပါက အခွန်စနစ်အပြင် မီတာခများကိုပါ ပြန်လည်စဉ်းစား သုံးသပ်သွားမည်ဖြစ်ပြီး ပြည်သူလူထုအတွက် ဝန်နှင့်အားမျှသည့် အခွန်စနစ်မျိုးဖြစ်ရန် စဉ်းစားဆောင်ရွက်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြောကြား
24htopnews | June 11, 2024 3:12 PM CST

ရွေးကောက်ပွဲ အနိုင်ရပါက အခွန်စနစ်အပြင် မီတာခများကိုပါ ပြန်လည်စဉ်းစား သုံးသပ်သွားမည်ဖြစ်ပြီး ပြည်သူလူထုအတွက် ဝန်နှင့်အားမျှသည့် အခွန်စနစ်မျိုးဖြစ်ရန် စဉ်းစားဆောင်ရွက်မည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။ စက်တင်ဘာ ၁၅ ရက်၌ ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီအစည်းအဝေး ကျင်းပပြီးစီးမှုနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုအား ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အစိုးရဖွဲ့နိုင်ပါက မည်သည့်ကိစ္စများကို အလေးပေး ဆောင်ရွက်သွားရန် ရှိပါသလဲ”ဟူသည့် မေးမြန်းမှုအား ဒေါက်တာနန္ဒာလှမြင့်က “ကိုယ်တာဝန်ယူခွင့် ရရင်လည်း ရွေးကောက်ပွဲဥပဒေကို ပြန်ပြင်ပါ့မယ်။ လက်ရှိ နိုင်တဲ့ပါ တီအစိုးရကနေ ခန့်တာမျိုးမဟုတ်ဘဲ လွှတ်တော်ကနေတစ်ဆင့် ခန့်တဲ့ပုံစံမျိုးတွေ။ ရွေးကောက်ပွဲကို ပိုမိုလွတ်လပ်ပြီးတော့ တရားမျှတစွာ ဆောင်ရွက်နိုင်ဖို့အတွက် ဘက်လိုက်မှုကင်းဖို့အတွက်ကို ပြန်လည်ပြင်ဆင် စဉ်းစားသွားမယ်။ နိုင်ငံတစ်နိုင်ငံဟာ ပြည်သူလူထုဆီက အခွန်အခ အကောက်တွေနဲ့ ဘဏ္ဍာငွေကို ရှာဖွေပြီးတော့မှ တိုင်းပြည်ကို တည်ဆောက်ရေးလုပ်ငန်းတွေ ပြည်သူလူထု အကျိုးစီးပွားလုပ်ငန်းတွေ ဆောင်ရွက်ကြတာ သဘာဝပဲ။ သို့သော် အရင်ဆုံး ကျွန်တော်တို့က မူဝါဒ ကောင်းကောင်း ချပြီးတော့မှ ပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများအောင်၊ ဝင်ငွေတိုးတက် ကောင်းမွန်အောင်၊ သူတို့ရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် အရင်လုပ်ပေးရမယ်။ အဲဒီလို လုပ်ပေးနိုင်လို့ ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းတယ်၊ ဝင်ငွေတွေရှိတယ်၊ ချမ်းသာတယ်ဆိုရင် ထိုက်သင့် အားလျော်စွာ တိုင်းပြည်အတွက် လိုအပ်တဲ့ အခွန်အခတွေ ကောက်ရမှာဖြစ်တယ်။ ဒီအချိန်မှာ ပြည်သူလူထုက အလုပ်ကိုင်အခွင့်အလမ်းတွေ ရှားပါးပြီး ဆင်းရဲနေတဲ့အချိန်မှာ အခွန်တွေ ထပ်ကောက်မယ်ဆိုရင် အဲဒီအခွန်အတုပ်အတွက် ပြည်သူတွေ ပိုပြီးတော့ ဝန်ထုပ်ဝန်ပိုးဖြစ်ပြီးတော့ ဒုက္ခရောက်တယ်။ ဒါကြောင့် ယခင်တုန်းကဆို ကျွန်တော်တို့ နိုင်ငံတော်ရဲ့ သယံဇာတတွေကို တိုင်းပြည် တည်ဆောက်ရေးအတွက် ထုတ်ရောင်းခဲ့ရတာ ရှိတယ်။ ဒီအချိန်မှာတော့ ပြည်သူလူထုကို အရင်ချမ်းသာအောင် လုပ်ပေးဖို့လိုတယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဒါကြောင့် တစ်ချိန်ကျ ကျွန်တော်တို့ တာဝန်ယူခဲ့ရရင်တော့ အခု အခွန်စနစ်ကို ပြန်လည်စဉ်းစား သုံးသပ်သွားမယ်။ ဝန်နဲ့အားနဲ့မျှတဲ့ အခွန်စနစ်မျိုး ဖြစ်အောင် ပြည်သူလူထုရဲ့ ဝန်နဲ့ အားနဲ့မျှတဲ့ အခွန်စနစ်မျိုး ဖြစ်အောင် ကျွန်တော်တို့ စဉ်းစားသွားမယ်။ ဒီအခွန်ကိစ္စတွေကို မီတာခ အပါအဝင်ပေါ့”ဟု ဆိိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပါတီအနေဖြင့် ဥပဒေနှင့်အညီ ပြင်ဆင်ရေးကို သွားလျက်ရှိကြောင်း၊ ယင်းသို့ ဥပဒေနှင့်အညီ ပြင်ဆင်ခြင်းကို သွားသည့်နေရာတွင် ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲ၊ ၀ါဒစွဲ၊ လူမျိုးစွဲကင်းပြီး တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ရေရှည်အကျိုးစီးပွားပေါ်တွင် အခြေခံသည့် ပြင်ဆင်မှုမျိုးဖြစ်ရန် ပါတီဥက္ကဋ္ဌကြီး၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် စည်းလုံးညီညွတ်မှုအတွက် စီးပွားဖွံ့ဖြိုးမှု မပျက်စေဘဲ ပြောင်းလဲနေသည့် ခေတ်ကာလ၏ လိုအပ်ချက်နှင့်အညီ နည်းလမ်းတကျ အဆင့်ဆင့်ပြင်ဆင်သွားရေး ဆိုသည့် လမ်းကြောင်းကို ပါတီအနေဖြင့် ရွေးချယ်ထားကြောင်း၊ တိုင်းရင်းသားအရေးများကို ဆောင်ရွက်နိုင်ရန် ပုဒ်မ ၂၆၁ ကိစ္စ အား လွှတ်တော်သို့ တင်ခဲ့ကြောင်း၊ ယင်းသို့ တင်ခဲ့ခြင်းမှာ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ အာဏာခွဲဝေခြင်းကိစ္စကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပါတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များအတိုင်း သွားနေခြင်း ဖြစ်ကြောင်း၊ ယခု ဆောင်ရွက်နေကြသော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များသည် အခန်း (၁၂) ကို ကျော်လွန် ဆောင်ရွက်နေသည်ဟု တစိုက်မတ်မတ် ပြောပြီးသားဖြစ်ကြောင်း၊ ထို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ရာ၌ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဘယ်တော့မှ သမိုင်းတရားခံ အဖြစ်မခံကြောင်း ပြောကြားခဲ့သည်။

ဒေါက်တာနန္ဒာလှမြင့်က ”ကျွန်တော်တို့  နိုင်ငံရဲ့အရေးကို တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ အဖွဲ့အစည်း တစ်ခုကောင်းနဲ့ လုပ်လို့မရဘူးဆိုတာ သမိုင်းဖြစ်စဉ်တွေကို ပြန်ကြည့်ရင် တွေ့လိမ့်မယ်။ ဒီနေ့ဒီအချိန် ကျွန်တော်တို့ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် ကျွန်တော်တို့အားလုံး လက်တွဲညီညီနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့  နိုင်ငံကို ပြန်လည် တည်ဆောက်ရမယ့် အချိန်ကာလ ရောက်နေပြီလို့ ပြောချင်တယ်။ ဒါကြောင့် ကျွန်တော်တို့သွားမယ့် မူဝါဒက နိုင်ငံရေး ပါတီတွေနဲ့ရော၊ တိုင်းရင်းသားတွေနဲ့ရော၊ အဖွဲ့အစည်းအားလုံးနဲ့ ကျွန်တော်တို့က အမျိုးသားရေး ညွန့်ပေါင်းလိုမျိုး သဘောထားပြီး ဒီနိုင်ငံအတွက်၊ ဒီနိုင်ငံသားတွေအတွက် အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေးပါတီ အားလုံးနဲ့ တိုင်းရင်းသား အားလုံးနဲ့ ကျွန်တော်တို့ လက်တွဲပြီးတော့မှ ဒီနိုင်ငံကို ကျွန်တော်တို့ ပြန်လည်စုစည်း တည်ဆောက်သွားမယ်။ အမျိုးသားရေးအတွက်ဆို ဘယ်အဖွဲ့အစည်းနဲ့ မဆို ဘယ်နိုင်ငံရေးပါတီနဲ့မဆို လက်တွဲ သွားမယ်”ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK