Bilateral လက်မှတ်ရေးထိုးရန်နှင့်တပ်မတော်၏ အပစ်ရပ်သက်တမ်းတိုးရန် အဆုံးအဖြတ်ပေးမည့် အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့ဖြစ်သည့် ကချင်အဖွဲ့ (KIA) ၊ တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) ၊ ရခိုင်အဖွဲ့ (AA) တို့၏ တွေ့ဆုံဆွေးနွေးပွဲအား ယနေ့ (စက်တင်ဘာ ၁၇ ရက်) နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့ရှိ Amazing Kengtong Resort တွင် ပြုလုပ်လျက်ရှိသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရဘက်မှ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်၍ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ အတွင်းရေးမှူး ဦးစိုးစိုးဇော် နှင့် တပ်မတော်ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနာင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း တို့ပါဝင်သည်။
တပ်မတော် အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည့် NRPC ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက်တွင် နေပြည်တော်မှတစ်ဆင့် ကျိုင်းတုံမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ရောက််ရှိလာခြင်း ဖြစ်သည်။
ယခုတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်မည့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့မှ ကိုယ်စားလှယ် များသည်လည်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)အထူးဒေသ (၄) ၊ မိုင်းလားမှတစ်ဆင့်ယနေ့ (စက်တင်ဘာ ၁၇ ရက်) တွင် မော်တော်ယာဉ်ခရီးဖြင့် ကျိုင်းတုံမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင်လေးဖွဲ့တွင် ကချင်လက်နက်ကိုင်အဖွဲ့မှ KIO ဗဟိုကော်မတီအတွင်းရေးမှူး ကွန်မ်ထပ်ထိန်နန် အပါအဝင် လေးဦး၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဦးရန်ဂင်ကျုံးအပါအဝင် လေးဦး၊ တအာင်းလက်နက်ကိုင်အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော် အပါအဝင် သုံးဦး၊ ၊ ရခိုင်လက်နက်ကိုင်အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင် အပါအဝင်သုံးဦးနှင့် အဖွဲ့အသီးသီးမှ အထောက်အကူပြုအဖွဲ့ဝင်များ ယခုဆွေးနွေးပွဲသို့တက်ရောက်သည်။Bilateral လက်မှတ်ရေးထိုးရန်အတွက် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ အဓိကဆွေးနွေးကြမည့် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့၏ ယခု ဆွေးနွေးပွဲတွင် ဆွေးနွေးမှုများ အဆင်ပြေပါက ရက်ထပ်တိုးရန် NRPC ဘက်က ကမ်းလှမ်းထားသည်ဟုလည်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။
သြဂုတ် ၃၁ ရက် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် တပ်မတော်က ယခင်အပစ်ရပ် ကြေညထားသည့် တိုင်းစစ်ဌာနချုပ်နယ်မြေငါးခုတွင် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂၁ ရက်အထိ အပစ်ရပ်သက်တမ်း ထပ်မံတိုးမြှင့်ပေးခဲ့ပြီး တပ်မတော်၏ အပစ်ရပ်သက်တမ်း ထပ်မံတိုးမြှင့်ပေးရန် အစီအစဉ် ရှိ ၊ မရှိသည် ယခု ဆွေးနွေးပွဲ၏ရလဒ်အပေါ်တွင် မူတည်နေသည်။
တပ်မတော်၏ အပစ်ရပ်သက်တမ်းတိုးရန်မှာ ယခုဆွေးနွေးပွဲရလဒ်ပေါ်မူတည်ပြီး ရလာဒ်မကောင်းပါက အလားအလာသည် အနည်းငယ်စိုးရိမ်ရကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာ ၁၃ ရက်တွင်ပြုလုပ်သည့် နိုင်ငံတော်သမ္မတ အိမ်တော် သတင်းရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ထို့ပြင် ယခု တွေ့ဆုံပွဲတွင် မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့ Bilateral လက်မှတ်ရေးထိုးရေး အဆုံးအဖြတ် ရလဒ် ထွက်လာဖွယ် ရှိနေပြီး Bilateral လက်မှတ်ရေးထိုးရန် ရက်သတ်မှတ်နိုင်မည့် အနေအထားအထိ ရှိနေကြောင်းလည်း သတင်းရရှိသည်။
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
-
မိမိတို့နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ပေးသော တာဝေးပစ်ဒုံးကျည်များကိုယူကရိန်း အသုံးပြုမည်ဆိုပါက ထင်သာမြင်သာတုံ့ပြန်မည်ဟု ရုရှား ပြောကြား
-
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီတွင် ယနေ့အစည်းအဝေးပြုလုပ်မည်
-
ဘရိုက်တန်-အဲဗာတန်တွင် ဘရိုက်တန်အသင်းအား ပယ်နယ်တီကန်ခွင့်ပြုခဲ့သည့် VAR ၏ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ထုတ်ပြန်
-
အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရသည့် ချာကာနှင့် နိုင်ငံတကာပွဲစဉ်အပြီးတွင်ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ပြန်ကစားမည့်အချိန်ကို မသိရသေးဟု အူနိုင်းအမ်မရီပြောကြား