တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်သည့်မူကြမ်း၌ သမ္မတအရည်အချင်း သတ်မှတ်ချက်တစ်ခုဖြစ်သော ပုဒ်မ ၅၉(စ)နှင့် သဏ္ဌာန်တူသည့်အချက်ကို ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်း သတ်မှတ်ချက်တွင် ဖြည့်စွက်ရန် တင်ပြထားကြောင်း သတင်းရရှိသည်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် အပါအဝင် တပ်မတော်သား ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦး တင်ပြထားသော ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သော ဒုတိယအ ကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးတွင် လွှတ်တော်သို့ အသိပေးတင်ပြခဲ့ခြင်း ဖြစ်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ ပုဒ်မ ၂၃၂ ၊ ပုဒ်မ ၂၆၁ ရယ်ပေါ့။ ပြင်ဆင်ချက်တင်ပါတယ်။ တင်တဲ့ပုဒ်မတွေကတော့ ကိုယ်စားလှယ်အားလုံးလည်း ဖြန့်ဝေထားပြီးပါပြီ။ ကျွန်တော်တို့ ပြည်ထောင်စု ဝန်ကြီးရဲ့ အရည်အချင်းသတ်မှတ်ချက်မှာ တစ်ချက်ထပ်ဖြည့်တာ ဖြစ်ပါတယ်။ ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်ရဲ့ အရည်အချင်း သတ်မှတ်ချက်မှာ တစ်ချက်ထပ်ဖြည့်တာဖြစ်ပါတယ်။ အဓိကကတော့ အရေးကြီးတဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်နှင့် တိုင်းဝန်ကြီးတွေကတော့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အပေါ်သစ္စာရှိဖို့ နိုင်ငံခြားနဲ့ အဆက်အစပ်ရှိ တဲ့အပေါ်မှာ မူတည်ပြီးတော့ ကိုယ့်နိုင်ငံမှာ နိုင်ငံခြားရဲ့ ဝင်ရောက်စွက်ဖက်မှုတွေမရှိစေ ဖို့။ နောက်ပြီးတော့ ဒီလို ဆွေမျိုးတော်စပ်မှုကို အကြောင်းပြုပြီးတော့ ကိုယ့်နိုင်ငံ သူလျှိုမလုပ် ခံရဖို့။ နောက်ပြီးတော့ သက်ဆိုင်ရာတာဝန် ရှိတဲ့ ဝန်ကြီးတို့၊ ဝန်ကြီးချုပ်တို့ဆိုတဲ့ ပုဂ္ဂိုလ်နဲ့ သက်ဆိုင်ရာ နိုင်ငံသူနိုင်ငံသားတွေရဲ့ ယုံ ကြည်စိတ်ချရမှုပေါ့။ ငါတို့ လူကြီးကတော့ ငါတို့နိုင်ငံအပေါ် ငါတို့လူမျိုးအပေါ် သစ္စာ ဖောက်မှာမဟုတ်ပါဘူး။ သစ္စာမဖောက်ပါ ဘူး။ ဒီလိုဒီလို စည်းကမ်းချက်တွေနဲ့ သက် မှတ်ထားတာဖြစ်ပါတယ်ဆိုတဲ့ အချက်တွေ အတွက် ယုံကြည်စိတ်ချရမှုရှိဖို့အတွက်ကို ဒီလို ပြင်ဆင်ချက်ကို ဖြည့်စွက်ချက်အဖြစ် တင်သွင်းခြင်းဖြစ်ပါတယ်” ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။
တပ်မတော်က တင်ပြသော ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းသတ်မှတ်ချက်ဖြစ်သော ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂(က)နှင့် တိုင်းဒေကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၏ အရည်အချင်းသတ်မှတ်ချက်ဖြစ်သည့် ပုဒ်မ ၂၆၁(က) တို့ကို ဖြည့်စွက်တင်ပြထားခြင်းဖြစ် သည်။
အဆိုပါ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်၏ အရည်အချင်းသတ်မှတ်ချက်နှင့် ပတ်သက်၍ ဥပဒေကြမ်း၏ ဖြည့်စွက်ရန်တင် ပြချက်တွင် လက်ရှိပြဋ္ဌာန်းထားသော အခြေခံ ဥပဒေပုဒ်မ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(က)၏ အပိုဒ်ခွဲ (၁)၊(၂)၊(၃)၊(၄) ၏နောက်နှင့် ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(က)၏ အပိုဒ်(၁)၊(၂)၊(၃)၊(၄) ၏ နောက်တို့တွင် အပိုဒ်ခွဲ(၅)အဖြစ် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါး ပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထို တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မ ဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအ စိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့် ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး ၏ နိုင်ငံသားဖြစ်သူ မဖြစ်စေရ၊ ထိုသူများ သည်နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ် သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံ သားသော်လည်းကောင်း ခံစားရသောအခွင့် အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစား နိုင်ခွင့်ရှိသူများ မဖြစ်စေရ” ဟု တင်ပြထား သည်။
“အဓိကကတော့ ကိုယ့်နိုင်ငံရဲ့ အရေးကြီးတဲ့ ပြည်ထောင်စုဝန်ကြီးအဆင့်၊ ပြည်နယ်နှင့် တိုင်းဝန်ကြီးအဆင့်တွေ၊ နိုင်ငံခြားရဲ့ ဝင်ရောက်စွက်ဖက်မှု၊ ကိုယ့်နိုင်ငံရဲ့ ပြည်တွင်း ဝင်ရောက်စွက်ဖက်မှု မခံရစေဖို့အတွက်၊ မရှိစေဖို့အတွက်ကို ထည့်သွင်းခြင်းဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြား သည်။
အထက်ပါဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခြင်းမပြုမီ အသေးစိတ်လေ့လာစိစစ်နိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီဝင် အားလုံးပါဝင်သော ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ နှင့်အညီ ပြည်ထောင်စုလွှတ်တော်နာယကက ဖွဲ့စည်း တာဝန်ပေးအပ်ထားကြောင်း သိရသည်။
“ကျွန်တော်တို့ရှေ့မှာ ဦးသိန်းထွန်း ကျောင်းကုန်းမဲဆန္ဒနယ်က တင်သွင်းထားတဲ့ ဥပဒေကြမ်းတစ်ခုလည်း ရှိခဲ့ဖူးတယ်။ နောက် မိတ္ထီလာမဲဆန္ဒနယ်က ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ ဥပဒေကြမ်းတစ်ခုလည်း ရှိခဲ့ဖူးတယ်။ ဒီတစ်ခါကတော့ ထူးခြားတာကတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေချည်းပဲပေါ့။ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ မပါပါဘူး။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးကနေပြီးတော့ လက်မှတ်ရေးထိုးပြီး တင်ပြလာတယ်။ ဒါကတော့ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော်တဲ့အတွက် ကြောင့်မို့လို့ ကျွန်တော်တို့ကလည်း ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ပါ နှစ်ရပ်လုံးမှာရှိတဲ့ ဥပဒေကြမ်းကော်မတီ နှစ်ရပ်လုံးပါဝင်တဲ့ သုံးသပ်ရေးကော်မတီက စိစစ်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။
ထိုသို့ တပ်မတော်က တင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ပြင်ဆင်သည့် ဥပဒေမူကြမ်း၏ ဖြည့်စွက်ရန်တင်ပြချက်သည် လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) နိုင်ငံတော် အကြီးအကဲအခန်းတွင် ပါဝင်သည့် နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းသတ်မှတ်ချက်ဖြစ်သော ပုဒ်မ ၅၉(စ)နှင့် သဏ္ဌာန်တူနေကြောင်း သိရှိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ် သည့် ကျောင်းကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနှင့် မိတ္ထီ လာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းတို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများ တင်သွင်းထားပြီး အဆိုပါမူကြမ်းများကို ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်ရန် ပြည် ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားသည်။
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
-
မိမိတို့နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ပေးသော တာဝေးပစ်ဒုံးကျည်များကိုယူကရိန်း အသုံးပြုမည်ဆိုပါက ထင်သာမြင်သာတုံ့ပြန်မည်ဟု ရုရှား ပြောကြား
-
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီတွင် ယနေ့အစည်းအဝေးပြုလုပ်မည်
-
ဘရိုက်တန်-အဲဗာတန်တွင် ဘရိုက်တန်အသင်းအား ပယ်နယ်တီကန်ခွင့်ပြုခဲ့သည့် VAR ၏ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ထုတ်ပြန်
-
အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရသည့် ချာကာနှင့် နိုင်ငံတကာပွဲစဉ်အပြီးတွင်ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ပြန်ကစားမည့်အချိန်ကို မသိရသေးဟု အူနိုင်းအမ်မရီပြောကြား