စိုက်ပျိုးရေးဌာနနှင့် ပတ်သက်သော မေးခွန်းများကို ဖြေကြားရာတွင် ကွဲလွဲချက်ရှိနေ၍ မြေပြင်ကွင်းဆင်းရန် အကြံပြုခြင်းအား “အုပ်ချုပ်မှုကို စီမံနေတာ အောက်ခြေက ခွေးတွေကို ဆင်းကြည့်နေစရာ မလိုဘူး”ဟု ဒုတိယဝန်ကြီး ပြန်ပြောခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ပြည်သူ့လွှတ်တော်သို့ တင်ပြပြောကြားခဲ့သည်။
နေပြည်တော်၌ စက်တင်ဘာ ၁၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် ဒေါ်နန်းခမ်အေးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့ထံမှ (T & C Group Co.,Ltd) လုပ်ပိုင်ခွင့်ရ မြေဧရိယာ၊ ခွင့်ပြုမိန့်၊ အမိန့်စာအမှတ်နှင့် ရက်စွဲ လွဲမှားဖြေကြားခြင်းအပေါ် မည်သို့ တာဝန်ယူ ဆောင်ရွက်မည်နှင့် ရက်စွဲ လွဲမှား ဖြေကြားခြင်းအပေါ် မည်သို့ တာဝန်ယူ ဆောင်ရွက်မည်နှင့် လုပ်ပိုင်ခွင့် ချမှတ်ထားသော မြေပုံအချို့ကို မြေပြင်၌ မည်သည့်အချိန်တွင် ကွင်းဆင်း စစ်ဆေးမည်တို့ ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်ပြီး ဆက်စပ်မေးခွန်း မေးမြန်းရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်မ ဒီမေးခွန်းကို ဖေဖော်ဝါရီလကတည်းက မေးထားတာ ဖြစ်ပါတယ်။ နောက်ကြောင်းပြန် ပြန်လည် ပြောဆိုခြင်းမျိုး မဟုတ်ဘဲနဲ့ အနည်းငယ် တင်ပြခွင့်ပြုပါ။ ဒီစိုက်ပျိုးရေးဌာနနဲ့ ပတ်သက်တဲ့ ကျွန်မ မေးတဲ့ မေးခွန်းတိုင်းကို ဖြေကြားတဲ့အဖြေမှာ ကွဲလွဲချက်တွေ အမြဲရှိနေပါတယ်။ အဲဒီလိုရှိနေတဲ့အတွက် ၁၉ ရက် ၉ လ ၂၀၁၈ ခုနှစ်မှာ ဒုဝန်ကြီးနဲ့ တွေ့ဆုံပြီး အောက်ခြေမှာ ရေးပေးနေတာကို ဖြေကြားပေးနေမှု တချို့ဟာ မှားယွင်းနေတဲ့ အတွက်ကြောင့် ကွင်းဆင်းသင့်ပါတယ်ဆိုပြီး ကျွန်မအကြံပြု ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ အကြံပြုချက်ကို ဒုဝန်ကြီးက ကျွန်တော်တို့က အုပ်ချုပ်မှုကို စီမံနေတာ အောက်ခြေက ခွေးတွေကို ဆင်းကြည့်နေစရာ မလိုဘူးလို့ ပြန်ပြောခဲ့ပါတယ်။ ကျွန်မက လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ကျွန်မတို့ နိုင်ငံကို မှန်ကန်တဲ့ အရွေ့နဲ့ အမြန်တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ အကြံပြုခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် ကြယ်ပွင့်ပြ မေးခွန်းဖြစ်စေ ကြယ်ပွင့်ပြ မေးခွန်းမဟုတ်တဲ့ အ ဖြေဖြစ်စေ လေးစားတဲ့သူအတွက် အရေးကြီးတဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနကနေပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မေးခွန်းကို အလေးမထားဘဲ တုံ့ပြန်ဖြေကြားနေမှုဟာ နိုင်ငံတော်ကို ထိခိုက်နေသလို လွှတ်တော်ကိုလည်း ဂုဏ်သိက္ခာ ညှိုးနွမ်းစေပါတယ်။ ဒီလိုမျိုး ထပ်မံ မဖြစ်ပွားဖို့အတွက် ဥက္ကဋ္ဌကြီးကို တစ်ဆက်တစ်စပ်တည်း တင်ပြရခြင်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထိုသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး၏ တင်ပြချက်အပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဆက်စပ်မေးခွန်း မေးရန် ရှိသလား၊ မရှိဘူးလားဟု မေးမြန်းခဲ့ရာ ကိုယ်စားလှယ်က “မေးခွန်းမေးရင်လည်း အဖြေမှန်ရမှာ မဟုတ်တဲ့အတွက် ဒီလိုပဲ တင်ပြပါမယ်ရှင့်” ဟု ပြန်လည် ပြောကြားသည်။
အထက်ပါကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် ပြန်လည်စိစစ် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အဓိကကတော့ ကွင်းဆင်းစစ်ဆေးသည့် နေရာတွင် အဖွဲ့အစည်း စုံလင်စွာဖြင့် စိစစ်ရန်၊ မှတ်တမ်းမှတ်ရာများဖြင့် ဆောင်ရွက်ရန်နှင့် ထပ်မံဆောင်ရွက်ရန် လိုမည်ဟု ယူဆကြောင်းနှင့် ဇာတ်မျောကြီး ဖြစ်ရန်မလိုဘဲ မှန်မှန်ကန်ကန်ဖြင့် ကွင်းဆင်းပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်၏ ပြောကြားမှုအပြီးတွင် ပြောကြားခဲ့သည်။
မြေယာကိစ္စများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုအဆင့်အနေဖြင့် နိုင်ငံတော်က ချမှတ်ထားသော မူပိုင်းဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းကျောင်းကြီးကြပ် စီမံခန့်ခွဲဆောင်ရွက်ရသကဲ့သို့ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များကို တာဝန်နှင့် လုပ်ပိုင်ခွင့်ပေးပြီး မြေပြင်တွင် တကယ် ပကတိ ရှိနေသည့် စီမံခန့်ခွဲမှုအပိုင်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် စီမံခန့်ခွဲရသည့်အပိုင်း နှစ်ပိုင်းရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။
“မြေယာကိစ္စနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုအဆင့်အနေနဲ့ နိုင်ငံတော်ရဲ့ ချမှတ်ထားတဲ့ မူပိုင်းဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ထိန်းကျောင်းကြီးကြပ် စီမံခန့်ခွဲ ဆောင်ရွက်ရသလို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တွေကို တာဝန်နဲ့ လုပ်ပိုင်ခွင့်ပေးပြီး မြေပြင်မှာ တကယ့် ပကတိရှိနေတဲ့ စီမံခန့်ခွဲမှုအပိုင်းကို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ မြေယာနဲ့ ပတ်သက်ပြီးတော့ ၂၀၁၂ လယ်ယာမြေဥပဒေ၊ ၂၀၁၂ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ ဥပဒေ ပေါ်ပေါက်ပြီး နောက်ပိုင်း မြေယာဟာ ရောင်းကုန်သဖွယ် တစ်ခုဖြစ်လာပြီးတော့ မြေယာရောင်းကုန် အနေအထားကို အောက်ခြေ မှာ အမျိုးမျိုးအဖုံဖုံနဲ့ အလွှာအသီးသီးက ပါဝင်ဆောင်ရွက်ရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူ့စည်းကိုယ့်စည်း ပြည်ထောင်စုအဆင့်က စီမံခန့်ခွဲရတဲ့အပိုင်း သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်က စီမံခန့်ခွဲရတဲ့အပိုင်း ဒီနှစ်ပိုင်း ရှိပါတယ်။ ဒါကြောင့်မို့ မိမိတို့အနေနဲ့ကတော့ ခုနက လွှတ်တော် ကိုယ်စားလှယ်ကြီး ပြောသလို သို့သော်လည်းပဲ လွှတ်တော် ကိုယ်စားလှယ်တော်ကြီး သုံးတဲ့ အသုံးအနှုန်းလေးတွေက နည်းနည်းလေး လွဲချော်နေတာတော့ ပြန်အန်တု မလုပ်ပါဘူး။ မိမိတို့အနေနဲ့ကတော့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ ၂၀၁၂ လယ်ယာမြေဥပဒေနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ ထိန်းကျောင်းရမယ့်ကိစ္စကို ဝန်ကြီးဌာနက ထိန်းကျောင်းလျက်ရှိပါကြောင်း နဲ့ မြေပြင်အခြေအနေမှာ လိုအပ်မယ်ဆိုရင် အထူးအဖွဲ့ပြီး ဆောင်ရွက်နေတဲ့ အခြေအနေ ရှိခဲ့ပါတယ်။ ရှိလည်းရှိဆဲဖြစ်ပြီး နောင်မှာလည်း ဆက်လက် ဆောင်ရွက်သွားမယ့် အနေအထားဖြစ်ပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြန်လည် တင်ပြအပ်ပါတယ်”ဟု ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး၏ မေးခွန်းနှင့် ပတ်သက်ပြီး ဒုဝန်ကြီးက မေးခွန်းတွင် ပူးတွဲတင်ပြခဲ့သည့် အချက်အလက်များသည် အထူးအဖွဲ့နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီတို့မှ တရားဝင် ပေးပို့ ထားသော စာရင်းမဟုတ်ဘဲ မြို့နယ် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ ကနဦး စိစစ်ချက် စာရင်းများသာ ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်မှစပြီး နိုင်ငံနှင့်အဝန်း ခွင့်ပြုချထားပေးခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဥပဒေနှင့် အညီ စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် မရှိပါက ဥပဒေနှင့်အညီ ခွင့်ပြုမိန့် ရုပ်သိမ်းနိုင်ရေးအတွက် ဒေသအလိုက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ကွင်းဆင်း ဆောင်ရွက်စေခဲ့မှု ရှိခဲ့သည့်အလျောက် အထူးအဖွဲ့မှ ပြန်လည်စိစစ်ချက်အရ မြေပြင်နှင့် ကိုက်ညီသည့် စာရင်းကို တင်ပြခဲ့ခြင်းကြောင့် ကွဲလွဲရခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ဖြေကြားချက်အရ သိရှိရကြောင်း ပြောကြားခဲ့သည်။
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
-
မိမိတို့နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ပေးသော တာဝေးပစ်ဒုံးကျည်များကိုယူကရိန်း အသုံးပြုမည်ဆိုပါက ထင်သာမြင်သာတုံ့ပြန်မည်ဟု ရုရှား ပြောကြား
-
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီတွင် ယနေ့အစည်းအဝေးပြုလုပ်မည်
-
ဘရိုက်တန်-အဲဗာတန်တွင် ဘရိုက်တန်အသင်းအား ပယ်နယ်တီကန်ခွင့်ပြုခဲ့သည့် VAR ၏ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ထုတ်ပြန်
-
အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရသည့် ချာကာနှင့် နိုင်ငံတကာပွဲစဉ်အပြီးတွင်ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ပြန်ကစားမည့်အချိန်ကို မသိရသေးဟု အူနိုင်းအမ်မရီပြောကြား