ယခင်က အငြင်းပွားခဲ့သည့် နယ်နိမိတ် အစိတ်အပိုင်းများကို ပြီးပြတ်စေရန် အိမ်နီးချင်းနိုင်ငံများနှင့် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် - ၃ မှ ဦးဘွဲ့ခိန်းက မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများအကြားရှိ နယ်နိမိတ်မှတ်တိုင်များ တိတိကျကျ သတ်မှတ် တိုင်းတာပြီးစီးမှု ရှိ၊ မရှိကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။
ယင်းကဲ့သို့ မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ငါးနိုင်ငံအကြား နယ်နိမိတ်များကို ကိုလိုနီလက်ထက်ကစ၍ ပိုင်းခြား တိုင်းတာခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီး ယင်းနယ်နိမိတ် ဥပဒေများကို အမွေဆက်ခံခြင်း ဥပဒေအရ လက်ခံခဲ့ရကြောင်း၊ အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံဖြစ်လာပြီး နောက်ပိုင်း ဗြိတိသျှတို့ သတ်မှတ်ခဲ့သည့် နယ်နိမိတ်များကို ခေတ်မီနည်းပညာများဖြင့် ပြန်လည်တိုင်းတာ သတ်မှတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယခုအချိန်အထိ သတ်မှတ်ထားသည့် မိုင်တိုင်များအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ၁၆၉ မိုင်၊ အိန္ဒိယနှင့် ၉၀၇ မိုင်၊ တရုတ်နှင့် ၁၃၈၄ မိုင်၊ လာအိုနှင့် ၁၄၉ မိုင်၊ ထိုင်းနှင့် ၃၆ မိုင်ခန့် အသီးသီး တိုင်းတာ သတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“လက်ရှိအစိုးရ တာဝန်ယူခဲ့ပြီးနောက်မှာ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ပြီးပြတ်အောင် ဆောင်ရွက်ပေးခြင်းဖြင့် နောင်လာ နောက်သားတွေကို ကောင်းမွန်တဲ့ အမွေအနှစ်တွေ ပေးဖို့ ပြီးပြတ်အောင်လုပ်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှုပေးခဲ့ပါတယ်။ လက်ရှိအစိုးရ လက်ထက်မှာ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ လာအိုစတဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ အင်မတန်ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ထွန်းလျက် ရှိပါတယ်။ ဒါကြောင့် နယ်နိမိတ် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ရန် အသင့်တော်ဆုံး အချိန်ကာလလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယခင် အငြင်းပွား နယ်နိမိတ် အစိတ်အပိုင်းတွေကို နယ်နိမိတ် ပြီးပြတ်သွားအောင် အိမ်နီးချင်းနိုင်ငံများနဲ့ အရှိန်မြှင့် ဆောင်ရွက်လျက် ရှိပါတယ်။ နယ်နိမိတ် တိုင်းတာတဲ့ကိစ္စများအတွက် အိမ်နီးချင်းနိုင်ငံများနဲ့ ညှိနှိုင်း ဆွေးနွေးပွဲတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန က ဦးဆောင် တာဝန်ယူ ညှိနှိုင်းပြီးတော့ မြေပြင်မှာ နယ်နိမိတ် တိုင်းတာခြင်းလုပ်ငန်းတွေ ကို မြေတိုင်းဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပါတယ်။ ၁၆၉ မိုင် ရှည်လျားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်တစ်လျှောက်လုံးကို ရာနှုန်းပြည့် တိုင်းတာသတ်မှတ်ပြီး ဖြစ်ပါတယ်။ နယ်နိမိတ် မှတ်တိုင်တွေကိုလည်း စိုက်ထူထားခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်မှာ နတ်မြစ် ၃၉ ဒသမ ၈ မိုင်နှင့် နတ်မြစ် မြောက်ဘက် ကုန်းပိုင်း ၁၂၉ ဒသမ ၂ မိုင်ရှိပြီး နယ်နိမိတ် မှတ်တိုင် ၅၃ မိုင် ရှိခဲ့ပါတယ်။ လက်ရှိအစိုးရ လက်ထက်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နတ်မြစ် မြောက်ဘက် ကုန်းပိုင်း နယ်နိမိတ်စာချုပ် (၁၉၉၈) ကို အ တည်ပြုတဲ့ စာချွန်လွှာကို ၂၀၁၇ ခုနှစ်မှာ လဲလှယ်ခဲ့ကြပါတယ်။ အရင်က လက်မှတ်ထိုးပြီးသားကို အတည်ပြုတဲ့စာချွန်လွှာကို လဲလှယ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်နဲ့ ပတ်သက်ပြီး လုံးဝ ပြီးပြတ်သွားပါပြီ”ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ-အိန္ဒိယ နယ်နိမိတ် သဘောတူစာချုပ်ကို ၁၉၆၇ ခုနှစ်တွင် သဘောတူချုပ်ဆိုခဲ့ပြီး နယ်နိမိတ်အရှည် ၉၀၇ မိုင်ကို တိုင်းတာသတ်မှတ်ခဲ့ပြီး နယ်နိမိတ် မှတ်တိုင် စုစုပေါင်း၂၃၈ တိုင် စိုက်ထူထားပြီး ဖြစ်ကြောင်း၊ သို့သော် နှစ်နိုင်ငံကြား နယ်နိမိတ် တိုင်းတာမှု မပြီးပြတ်သေးသည့် နှစ်နေရာ ရှိကြောင်း၊ ယင်းနှစ်နေရာမှာ မြောက်ပိုင်းစွန်းစွန်းရှိ မြန်မာ-တရုတ်-အိန္ဒိယ သုံးနိုင်ငံ ဆုံသည့်နေရာ ၇၉ မိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကဘော်ချိုင့်ဝှမ်းဒေသနှင့် နယ်နိမိတ် တိုင်းတာမှု မပြီးပြတ်သေးသည့် နယ်နိမိတ် မှတ်တိုင် ၉ တိုင် အရှည်အားဖြင့် ၂၉ မိုင်ဖြစ်ကြောင်း၊လက်ရှိအစိုးရ လက်ထက် စစ်ကိုင်းတိုင်းဒေသကြီးရှိ နယ်နမိတ် တိုင်းတာခြင်းအတွက် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုများ၌ တိုးတက်မှုများ ရရှိနေကြောင်း၊ မြန်မာ-တရုတ်ကို နယ်နိမိတ်အရှည် ၁၃၈၄ မိုင်ကို ၁၉၆၀-၆၁ ခုနှစ်မှာ တိုင်းတာသတ်မှတ်ပြီး နယ်နိမိတ် မှတ်တိုင် စုစုပေါင်း ၅၉၈ တိုင်ကို စိုက်ထူထားခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နယ်နိမိတ် အခြေပြစာချုပ်ကို ၁၉၆၁ ခုနှစ်မှာ ချုပ်ဆိုခဲ့ပြီး ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၌လည်း မှတ်ပုံတင်ထားရှိပြီး ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နယ်နိမိတ်တစ်လျှောက် ပူးတွဲကွင်းဆင်း တိုင်းတာခြင်းလုပ်ငန်းကို ၁၉၈၄ နှင့် ၁၉၈၆ တွင် ပထမအကြိမ်အဖြစ် လည်းကောင်း ၁၉၉၂ နှင့် ၁၉၉၅ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအစိုးရ လက်ထက် တတိယအကြိမ် ပူးတွဲကွင်းဆင်း စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံကြား ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ခုနှစ်၌ ကောင်းကင် ဓာတ်ပုံအဖြစ် ဇန်နဝါရီလမှ ဧပြီလ ကာလအတွင်း ဆောင်ရွက်ရန်ရှိကြောင်း၊ နယ်နိမိတ် ကွင်းဆင်း စစ်ဆေးခြင်းကို မဆောင်ရွက်ခဲ့သည်မှာ ၂၄ နှစ်တိုင် ရှိသွားပြီ ဖြစ်ကြောင်း၊ စာချုပ်မှာ ငါးနှစ် တစ်ကြိမ် ပြုလုပ်ရမည်ဟု ဖော်ပြထားကြောင်း၊ ယခုအစိုးရ လက်ထက်မှာ ပထမဆုံး အကြိမ်အဖြစ် ပူးတွဲစစ်ဆေးမှုများကို ပြုလုပ်ရန်အတွက် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ပြီး တရုတ်-အိန္ဒိယ နယ်နိမိတ်ဆိုင်ရာ ပြဿနာကြောင့် မြန်မာ-တရုတ်-အိန္ဒိယ သုံးပွင့်ဆိုင် နယ်နိမိတ်နေရာတွင် မသတ်မှတ်သေးသည့် မိုင် ၈၀ မှအပ ကျန်ရှိသည့် မြန်မာ-တရုတ် နယ်နမိတ် အားလုံးကိုလည်း တိုင်းတာ သတ်မှတ်ပြီး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
-
မိမိတို့နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ပေးသော တာဝေးပစ်ဒုံးကျည်များကိုယူကရိန်း အသုံးပြုမည်ဆိုပါက ထင်သာမြင်သာတုံ့ပြန်မည်ဟု ရုရှား ပြောကြား
-
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီတွင် ယနေ့အစည်းအဝေးပြုလုပ်မည်
-
ဘရိုက်တန်-အဲဗာတန်တွင် ဘရိုက်တန်အသင်းအား ပယ်နယ်တီကန်ခွင့်ပြုခဲ့သည့် VAR ၏ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ထုတ်ပြန်
-
အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရသည့် ချာကာနှင့် နိုင်ငံတကာပွဲစဉ်အပြီးတွင်ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ပြန်ကစားမည့်အချိန်ကို မသိရသေးဟု အူနိုင်းအမ်မရီပြောကြား