သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ခွင့်ပြုပေးခဲ့သည့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၁၀ ကျော်အနက် လုပ်ငန်း ၇၄ ခု စီးပွားဖြစ်လည်ပတ်လျက်ရှိပြီး လုပ်ငန်း ၁၈ ခုမှာ ပြည်ပသို့ တင်ပို့ခြင်း လုပ်ငန်းများစတင် နေပြီဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။
ဇူလိုင် ၁၈ ရက်က မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတဦးဟင်နရီဗန်ထီးယူသည် အထူးစီးပွားရေးဇုန်ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်မျိုးတို့နှင့်အတူ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းတွင် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၂ ခုကို လုပ်ကိုင်ခွင့်ပြုထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံအထိ ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းအနက် လုပ်ငန်း ၇၄ ခုမှာ စီးပွားဖြစ်လည်ပတ်လျက်ရှိပြီး လုပ်ငန်း ၁၈ ခုမှာ ပြည်ပသို့ တင်ပို့ခြင်းများ စတင်နေပြီဖြစ်ကြောင်း သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် အမြဲတမ်းလုပ်သားနှင့် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများအပါအဝင် စုစုပေါင်းလုပ်သား ၂၀၀၀၀ ကျော် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။
ဇုန်တွင် ဝင်ရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီများ၏ စျေးကွက်အခြေအနေမှာ ပြည်တွင်းစျေးကွက်ဦးစားပေးစက်မှုလုပ်ငန်းမှာ ရာခိုင်နှုန်း ၆၀ ရှိပြီး ပို့ကုန်ဦးစားပေး စက်မှုလုပ်ငန်း ရာခိုင်နှုန်း ၄၀ ရှိကာ ပြည်တွင်းစျေးကွက်အတွက် အဓိကထုတ်လုပ်သည့် လုပ်ငန်းပိုမိုများပြားလာကြောင်း သီလဝါအထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးစီမံကိန်း၏ ပင်မအဖွဲ့ဖြစ်သည့် မြန်မာသီလဝါအက် (စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၂၀၁၉ ခုနှစ် ဇွန်လက ထုတ်ပြန်ချက်အရ သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်တွင် စျေးကွက်အရကြည့်လျှင် ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်း ၃၆ ကုမ္ပဏီ၊ ပြည်တွင်းစျေးကွက် ဦးစားပေးစက်မှုလုပ်ငန်းကုမ္ပဏီ ၆၀ နှင့် အခြားကုမ္ပဏီတစ်ခုတို့ ဖြစ်ကြသည်။
ကနဦးတွင် ပို့ကုန်ဦးစားပေးစက်မှု လုပ်ငန်း ရာခိုင်နှုန်း ၇၀၊ ပြည်တွင်းစျေးကွက်ဦးစားပေးစက်မှုလုပ်ငန်း ရာခိုင်နှုန်း ၃၀ ဟူ၍ ခန့်မှန်းခဲ့သော်လည်း လက်ရှိအချိန်တွင် ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်း ရာခိုင်နှုန်း ၄၀ ၊ ပြည်တွင်းစျေးကွက်ဦးစားပေး စက်မှုလုပ်ငန်းမှာ ရာခိုင်နှုန်း ၆၀ ဟူ၍ ပြည် တွင်းစျေးကွက်ဦးစားပေးစက်မှုလုပ်ငန်း၏ ရာခိုင်နှုန်းက ပိုများခဲ့ကြောင်း၊ ၎င်းတို့မှာ မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်မှု စွမ်းရည်မလုံလောက်မှုကို ဖော်ပြနေခြင်းပင်ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ပါဝင်ကြသည့်ကုမ္ပဏီများကို ဇုန်ကြီးနှစ်ပိုင်း ခွဲခြားနိုင်ကြောင်း၊ ပထမတစ်ပိုင်းမှာ ပို့ကုန် ဦးစားပေးစက်မှုလုပ်ငန်း (ကုန်ပစ္စည်း၏ ၇၅ ရာခိုင်နှုန်း) ကို ပြည်ပသို့ တင်ပို့ခြင်းဖြစ်ပြီး ကုန်ပစ္စည်း၏ ရာခိုင်နှုန်း ၈၀ ကျော်ကို Free Zone အတွင်းရှိ ပို့ကုန်စီးပွားရေးလုပ်ငန်း သို့ ရောင်းချခြင်းကိုဆိုလိုပြီး ၎င်းကို Free Zone ဟူ၍ ခွဲခြားနိုင်ကြောင်းသိရသည်။ နောက်တစ်ပိုင်းမှာ ပြည်တွင်းစျေးကွက် ဦးစားပေးစက်မှုလုပ်ငန်းဖြစ်ပြီး ၎င်းကို Promotion Zone ဟူ၍ ခွဲခြားနိုင်သည်။
အဆိုပါဇုန်နှစ်ပိုင်းစလုံး၏ မြေနေရာ သုံးစွဲငှားရမ်းခွင့်ကာလမှာ အများဆုံး ၇၅ နှစ်ဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်စသည့် ခံစားခွင့်များမှာ ဥပမာအားဖြင့် Free Zone အတွင်းဖြစ်ပါက အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်ဖြစ်ကာ Promotiion Zone အတွင်းဖြစ်ပါက ငါးနှစ်ဖြစ်သည့်အတွက် Free Zone အပိုင်းသည် ပိုမိုအကျိုးခံစားခွင့်ရရှိကြောင်း သိရသည်။
-
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိ
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား