တောင်ကိုရီးယား အဆိုတော်၊ တေးရေး ဂျောင်းဂျွန်ယောင်းသည် အုပ်စုလိုက် မုဒိမ်းကျင့်မှု၊ ၎င်းနှင့် ဆက်ဆံခဲ့သည့် အမျိုးသမီးကို လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးခဲ့ပြီး ဗီဒီယိုများကို ဝေမျှခဲ့မှုတို့ဖြင့် နိုဝင်ဘာ ၂၉ ရက်တွင် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံခဲ့ရသည်။
ဂျောင်း၏ ပြစ်ဒဏ်တွင် အမျိုးသမီးများနှင့် လိင်ဆက်ဆံစဉ် ၎င်းတို့မသိအောင် လျှို့ ဝှက်ကင်မရာဖြင့် ဗီဒီယိုရိုက်ကူးခဲ့ပြီး ယင်းဗီဒီယိုကို ၎င်းတို့၏ ခွင့်ပြုချက်မရဘဲ ၁၁ ကြိမ် ဝေမျှခဲ့မှုတို့အတွက်လည်း ပါဝင်ခဲ့သည်။
အသက် ၃၀ အရွယ်ရှိ ဂျောင်းသည် ယင်းဗီဒီယိုဖိုင်များကို Big Bang အဖွဲ့ဝင်ဟောင်း ဆန်းရီနှင့် FT Island အဖွဲ့ဝင်ဟောင်းဖြစ်သည့် အဆိုတော် ချွိုင်ဂျွန်ဟွန်းတို့အပါအဝင် ကေပေါ့ပ်အဆိုတော်များဖြင့် ဖွဲ့ထားသည့် Chatroom တွင် ဝေမျှခဲ့သည်။
ဂျောင်းသည် အရက်မူးပြီး ခုခံနိုင်စွမ်းမရှိ ဖြစ်နေသည့် အမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့ကြောင်း၊ အဝတ်မပါဖြစ်နေသည့် ယင်းအမျိုးသမီးများကို ဗီဒီယိုရိုက်ကူးခဲ့ပြီး Group Chat တွင် ဝေမျှခဲ့ကြောင်း တရားသူကြီး ကန်ဆောင်းဆိုက ပြောကြားခဲ့သည်။
ဂျောင်းသည် ယင်းအမျိုးသမီးများကို ပျော်ရွှင်မှုအတွက် ကိရိယာတစ်ခုမျှသာ သဘောထားသည်ဟု ထင်မှတ်ရကြောင်းလည်း ကန်က ပြောကြားခဲ့သည်။
Super Star K အစီအစဉ်ဖြင့် ထင်ရှားခဲ့သည့် ဂျောင်းက တရားရုံးတွင် နောက်ဆုံး ထွက်ဆိုမှုတွင် ၎င်း၏မိုက်မဲမှုအတွက် နောင်တရကြောင်း ပြောကြားခဲ့သည်။ ယင်းအရှုပ်တော်ပုံများကို မတ်လတွင် ဝန်ခံခဲ့ပြီးနောက် ဂျောင်းက ဂီတလောကမှ နုတ်ထွက်ကြောင်း ပြောကြားခဲ့သည်။
FT Island အဖွဲ့ဝင်ဟောင်းဖြစ်သည့် အဆိုတော် ချွိုင်ဂျွန်ဟွန်းသည်လည်း ဂျောင်းနှင့်အတူ အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်မှုဖြင့် ထောင်ဒဏ် ငါးနှစ် ချမှတ် ခံခဲ့ရသည်။ ဂျောင်းနှင့် ချွိုင်တို့ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ဆက်ဆံမှု တားဆီးရေး ပညာပေးကို နာရီ ၈၀ ကြာ လုပ်ဆောင်ရန်လည်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု ယွန်ဟပ်သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။
ယင်းဖြစ်စဉ်သည် တောင်ကိုရီးယား၏ အကျိုးအမြတ်ဖြစ်ထွန်းသည့် အနုပညာလုပ်ငန်း၏ အမှောင်ဘက်ခြမ်းကို ထုတ်ဖော်ခဲ့မှု ဖြစ်သည်။ ယင်းအပြင် တောင်ကိုရီးယားတွင် စပိုင်ကင်မရာ ရာဇဝတ်မှုပျံ့နှံ့နေမှုအတွက် အထင်ရှားဆုံး နမူနာတစ်ခု ဖြစ်ခဲ့သည်။
စီးပွားရေး ရင်းနှီးမြှုပ်နှံသူများအတွက် ပြည့်တန်ဆာများ စီစဉ်ပေးမှု၊ လာဘ်ပေးမှု စသည့် စွပ်စွဲချက်များဖြင့် Big Bang အဖွဲ့ဝင် အဆိုတော်၊ စီးပွားရေးလုပ်ငန်းရှင် ဆန်းရီကို ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် ၎င်း၏ မိတ်ဆွေ ဖြစ်သည့် ဂျောင်း၏ လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးထားသည့်ဗီဒီယို အရှုပ်တော်ပုံကိစ္စ ထွက်ပေါ်လာခြင်းဖြစ်သည်။
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား
-
မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရေး အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် ကြိုးပမ်းနေဆဲဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုလုပ်ဆောင်ရန် ထိုင်းဆန္ဒပြသူများက စီစဉ်နေကြစဉ် ဝန်ကြီးချုပ် ပရာယွတ်က အယုံအကြည်မရှိအဆိုမဲခွဲမှုကို ကျော်လွှားနိုင်ခဲ့
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား