Top News

Frozen 2 အန်နီမေးရှင်းဇာတ်ကားက မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် နှစ်ပတ်ဆက်တိုက် ရပ်တည်
24htopnews | June 1, 2024 4:12 PM CST

Disney မှ ဖြန့်ချိပေးထားသော Frozen 2 အန်နီမေးရှင်းဇာတ်ကားသည် ကျေးဇူးတော်နေ့ အားလပ်ရက်အတွင်း ကျရောက်သည့် သီတင်းပတ်ကုန်ရက်တွင် မြောက်အမေရိကဒေသ၌ ရုံတင်ပြသရာမှ ဝင်ငွေဒေါ်လာ ၈၅.၂ သန်းရရှိခဲ့ပြီး ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် နှစ်ပတ်ဆက်တိုက် ရပ်တည်နေကြောင်း လက်မှတ်ဝင်ငွေ လေ့လာရေးအဖွဲ့ Exhibitor Relations က ထုတ်ပြန်ခဲ့သည်။

Frozen 2 ဇာတ်ကားကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ငါးရက်တာ ကျေးဇူးတော်နေ့ အားလပ်ရက်ကာလအတွင်း ရုံတင်ပြသမှုမှ ဝင်ငွေဒေါ်လာ ၁၂၃.၇ သန်းထိ ရရှိခဲ့ခြင်းကြောင့် ယခင်က ထိုအားလပ်ရက်အတွင်း ရုံတင်ပြသမှုမှ ဝင်ငွေစံချိန်တင်ခဲ့သည့် The Hunger Games: Catching Fire (၂၀၁၃ ခုနှစ်) ဇာတ်ကား၏စံချိန်ကို ကျော်တက်သွားခဲ့သည်။

ရေခဲခြင်း၊ နှင်းကျခြင်းတို့ကို ပြုလုပ်နိုင်သည့် မွေးရာပါမှော်အစွမ်းကို ပိုင်ဆိုင်ထားသော နှင်းဘုရင်မလေး အယ်ဆာ၏ နန်းတက်ပွဲအခမ်းအနား ကျင်းပပြီးနောက် သုံးနှစ်အကြာတွင် အယ်ဆာသည် ၎င်းအား မြောက်အရပ်သို့ ဆွဲငင်ခေါ်ဆောင်နေသည့် အသံတစ်သံကို စတင်ကြားခဲ့ရာမှ ညီမဖြစ် သူအန်နာနှင့် သူငယ်ချင်းများဖြစ်သော နှင်းအရုပ်လေး Olfa၊ နှင်းရှင်းသမား Kristoffi တို့နှင့်အတူ အသံလာရာနေရာသို့ စွန့်စားခန်းထွက်ခဲ့ကြသည်။ ထိုသို့ထွက်ခွာသွားရောက်ရင်း အယ်ဆာပိုင်ဆိုင်ထားသော မှော်အစွမ်း၏ မူလရင်းမြစ်များကို ရှာဖွေရာမှ ဖြစ်ပေါ်လာသည်များကို Frozen 2 ဇာတ်ကားတွင် စိတ်ဝင်စားဖွယ် ရိုက်ကူးပေးထားသည်။

Frozen 2 ဇာတ်ကားကို ဒါရိုက်တာ Chris Buck နှင့် Jennifer Lee တို့ ရိုက်ကူးထားပြီး Idina Menzel၊ Kristen Bell၊ Jonathan Froff၊ Josh Gad တို့က အသံနောက်ခံဖြင့် ပြောကြားပေးထားသည်။

လူသတ်မှုတစ်ခုအကြောင်းကို ရိုက်ကူးထားသော လျှို့ဝှက်ဆန်းကြယ်ဇာတ်ကား Knives Out သည် ပွဲဦးထွက်ဝင်ငွေဒေါ်လာ ၂၇ သန်းဖြင့် ယခုသီတင်းပတ် မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်းတွင် နံပါတ်နှစ်နေရာ၌ ရပ်တည်နေသည်။

Ford v Ferrari ပြိုင်ကားဇာတ်ကားမှာ ဝင်ငွေဒေါ်လာ ၁၃.၂ သန်းဖြင့် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ နံပါတ်သုံးနေရာတွင်လည်းကောင်း၊ သတင်းထောက်တစ်ဦးနှင့် နာမည်ကျော်အနုပညာကြယ်ပွင့် တစ်ဦးအကြားရှိ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားသော A Beautiful Day in the Neighborhood ဇာတ်ကားမှာ ဝင်ငွေဒေါ်လာ ၁၁.၈ သန်းဖြင့် စာရင်း၏ နံပါတ်လေးနေရာတွင်လည်းကောင်း၊ Queen and Slim ရသစုံဒရာမာဇာတ်ကားမှာ ဝင်ငွေဒေါ်လာ ၁၁.၈ သန်းဖြင့် စာရင်း၏ နံပါတ်ငါးနေရာတွင်လည်းကောင်း အသီးသီး ရပ်တည်နေသည်။

 


READ NEXT
Cancel OK