Top News

အရီယာနာဂရန်ဒီက ဖျော်ဖြေပွဲခရီးစဉ် အယ်လ်ဘမ်ကို မကြာမီဖြန့်ချိမည်
24htopnews | June 1, 2024 4:12 PM CST

၂၀၁၉ ခုနှစ်တွင် Sweetener ဖျော်ဖြေပွဲ ခရီးစဉ်စတင်ခဲ့သည့် အဆိုတော် အရီယာနာဂရန်ဒီက ယင်းဖျော်ဖြေပွဲခရီးစဉ်အတွက် Live အယ်လ်ဘမ်တစ်ခုကို မကြာမီ ဖြန့်ချိသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

“ Live အယ်လ်ဘမ်အတွက် အသင့်ဖြစ်နေပါပြီ။ ကျွန်မ အရမ်းစိတ်လှုပ်ရှားရတယ်” ဟု အသက် ၂၆ နှစ်အရွယ်ရှိ ဂရန်ဒီက Twitter တွင် ရေးသားခဲ့သည်။ ယင်းအယ်လ်ဘမ်သည် လာမည့်သီတင်းပတ်များအတွင်း ထွက်ရှိနိုင်ခြေ ရှိသည်ဟုလည်း မီဒီယာများက ခန့်မှန်းခဲ့သည်။

ဂရန်ဒီသည် ၂၀၁၈ ခုနှစ် သြဂုတ်တွင် စတုတ္ထမြောက်အယ်လ်ဘမ် Sweetener ကို ဖြန့်ချိခဲ့ပြီးနောက်   ခြောက်လခန့်အကြာတွင် ပဥ္စမမြောက်အယ်လ်ဘမ် Thank U, Next ကို ဖြန့်ချိခဲ့သည်။ ဂရန်ဒီ၏ Sweetener အယ်လ်ဘမ်သည် (၆၁)ကြိမ်မြောက် ဂရမ်မီဆုပေးပွဲတွင်  အကောင်းဆုံး ပေါ့ပ်အယ်လ်ဘမ်ဆုကို ရရှိသည်။

ဂရန်ဒီသည် Sweetener ဖျော်ဖြေပွဲ ခရီးစဉ်ကို ယခုနှစ် မတ် ၁၈ တွင် နယူးယောက်တွင် စတင်ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်တွင်  ကယ်လီဖိုးနီးယား၌ အဆုံးသတ်ရန် စီစဉ်ထား သည်။ 

ဂရန်ဒီသည် ၎င်း၏ အောင်မြင်သည့် Thank U, Next သီချင်းဗီဒီယို ဖြန့်ချိမှု တစ်နှစ်ပြည့်အတွက် ယင်းသီချင်းဗီဒီယို ရိုက်ကူးသည့် နောက်ကွယ်မှ ဗီဒီယိုများကိုလည်း အွန်လိုင်းတွင် ဖြန်ချိခဲ့သည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ဖြန့်ချိခဲ့သည့် ယင်းသီချင်းဗီဒီယိုသည် YouTube တွင် ကြည့်ရှုမှုနှုန်း သန်း ၄၅၀ ကျော် ရရှိခဲ့သည်။ ယင်းသီချင်းသည် ဂရန်ဒီ၏ အဆုံးသတ်ခဲ့သည့် အချစ်ရေးအကြောင်း ထင်ဟပ်စေသည့် သီချင်းတစ်ပုဒ်လည်း ဖြစ်သည်။

အသက် ၁၃ နှစ်အရွယ်တွင် Broadway ဂီတပဒေသာဖြင့် အနုပညာလောကသို့ ဝင်ရောက်ခဲ့သည့် ဂရန်ဒီသည် Nikelodeon ရုပ်သံတွင် ထုတ်လွှင့်ခဲ့သည့် Victorious ဇာတ်လမ်းတွဲနှင့် Sam & Cat ဇာတ်လမ်းတွဲတို့ဖြင့် အောင်မြင်မှု ရရှိခဲ့သည်။ ဂရန်ဒီသည် အရွယ်ရောက်လာချိန်တွင် ဂီတကို စိတ်ဝင်စားခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် Republic Records တေးသံသွင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပွဲဦးထွက်အယ်လ်ဘမ် Yours Truky ကို ဖြန့်ချိခဲ့သည်။ ဂရန်ဒီ၏ ဒုတိယမြောက်အယ်လ်ဘမ် My Everything သည် Billboard အယ်လ်ဘမ် ၂၀၀ စာရင်း၏ နံပါတ် (၁) နေရာတွင် ဖော်ပြခံခဲ့ရသည်။ Problem ၊ Break Free ၊ Bang Bang စသည့် သီချင်းများဖြင့် အောင်မြင်မှုရရှိခဲ့သည့် ဂရန်ဒီသည် ဂရမ်မီဆုတစ်ဆု၊ Brit ဆုတစ်ဆု၊ Billboard ဂီတဆုနှစ်ဆု၊ အမေရိကန်ဂီတဆု သုံးဆု ရရှိခဲ့ပြီး ဂင်းနစ်မှတ်တမ်းတွင်လည်း စံချိန်တင်ခဲ့သည်။ ဂရန်ဒီသည် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ် ဝင်ငွေအများဆုံးရ အနုပညာရှင် စာရင်းတွင်လည်း ပါဝင်ခဲ့သည်။ Billboard မဂ္ဂဇင်းက ၎င်းကို ၂၀၁၈ ခုနှစ်၏ Woman of the Year အဖြစ် ဖော်ပြခဲ့သည်။

 


READ NEXT
Cancel OK