Top News

ဘာလင်ရုပ်ရှင်ပွဲတော် ပြိုင်ပွဲဝင်ဇာတ်ကားစာရင်းတွင် တောင်ကိုရီးယားဒါရိုက်တာ Hong Sang-soo ၏ ဇာတ်ကားသစ်ပါဝင်
24htopnews | June 1, 2024 3:12 PM CST

တောင်ကိုရီးယားဒါရိုက်တာ Hong Sang-soo ၏ ဇာတ်ကားသစ် The Woman Who Ran သည် ၂၀၂၀ ပြည့်နှစ် ဘာလင်ရုပ်ရှင်ပွဲတော်တွင် ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသည့် ဇာတ်ကားစာရင်း၌ ပါဝင်ခဲ့သည်ဟု ကိုရီးယားမီဒီယာများက ဖော်ပြခဲ့သည်။

ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဘာလင်ရုပ်ရှင်ပွဲတော် စီစဉ်သူများက ရွှေဝက်ဝံနှင့် ငွေဝက်ဝံဆုအတွက် ယှဉ်ပြိုင်ခွင့်ရသည့် ဇာတ်ကား ၁၈ ကားကို ထုတ်ပြန်ခဲ့သည်။

The Woman Who Ran ဇာတ်ကားသည် Hong ၏ ၂၄ ကားမြောက် ဇာတ်ကားနှင့် ဘာလင်ရုပ်ရှင်ပွဲတော်အတွက် ရွေးချယ်ခံရသည့် စတုတ္ထမြောက်ဇာတ်ကားလည်း ဖြစ်သည်။

Hong သည် ပွဲဦးထွက်ဇာတ်ကား Day ဖြင့် ၁၉၉၇ ခုနှစ်တွင် ဘာလင်ရုပ်ရှင်ပွဲတော်၌ ပါဝင်ရန် ပထမဆုံးအကြိမ် ဖိတ်ကြားခံခဲ့ရသည်။ ၎င်း၏ Night and Day ၊ Nobody’s Daughter Haewon နှင့် On the Beach at Night ဇာတ်ကားတို့သည့် ဘာလင်ရုပ်ရှင်ပွဲတော်၏ ပြိုင်ပွဲဝင်ဇာတ်ကားများအဖြစ် ရွေးချယ်ခံခဲ့ရသည်။ On the Beach at Night ဇာတ်ကားတွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည့် ကင်မင်ဟီးသည် ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သည့် (၆၇) ကြိမ်မြောက် ဘာလင်ရုပ်ရှင်ပွဲတော်၌ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆု ရရှိခဲ့သည်။

အိမ်ထောင်သည်အမျိုးသမီးတစ်ဦးက ခင်ပွန်းဖြစ်သူ စီးပွားရေးကိစ္စဖြင့် ခရီးထွက်ခွာနေစဉ်အတွင်း  သူငယ်ချင်းဟောင်း သုံးဦးနှင့် အဆက်အသွယ် ပြန်လည်ရရှိသည့်အကြောင်း ရိုက်ကူးထားသည့် The Woman Who Ran တွင် ကင်မင်ဟီး၊ Seo Young-hwa ၊ Song Seon-mi ၊ Kim Sae-byuk နှင့် Kwon Hae-hyo တို့ ပါဝင်သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကားသည် ကင်အတွက် Hong ရိုက်ကူးသည့် ဇာတ်ကားများတွင် ခုနစ်ကားမြောက် ပါဝင်သရုပ်ဆောင်မှုလည်း ဖြစ်သည်။ ယင်းဇာတ်ကားကို ဘာလင်ရုပ်ရှင်ပွဲတော်၌ ပွဲဦးထွက်ပြသပြီး ကိုရီးယားတွင် ယခုနှစ် နွေဦး၌ ဖြန့်ချိမည်ဖြစ်သည်။

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ဖေဖော်ဝါရီ ၂၀ မှ မတ် ၁ ရက်အထိ ကျင်းပမည့် အကြိမ် (၇၀) မြောက် ဘာလင်ရုပ်ရှင်ပွဲတော်တွင် ရွှေဝက်ဝံဆုနှင့် ငွေဝက်ဝံဆုအတွက် ယှဉ်ပြိုင်မည့်ဇာတ်ကားစာရင်းတွင် ဒါရိုက်တာ ဆယ်လီပိုလာ၏ The Roads Not Taken ဇာတ်ကား၊ ကယ်လီရစ်ချက်၏ First Cow ၊ ဖိလစ်ဂါရယ်၏ The Salt of Tears ၊  Rithy Panh ၏ Irradiated ဇာတ်ကားနှင့် ရွှေဝက်ဝံ ဆုရဒါရိုက်တာ Christian Petzold ၏ Undine ဇာတ်ကားတို့လည်း ပါဝင်သည်။

 


READ NEXT
Cancel OK