ဖိလစ်ပိုင်နိုင်ငံတွင် စူပါတိုင်ဖွန်းမုန် တိုင်း မန်- ယီ ဝင်ရောက်တိုက်ခတ်မှုကြောင့် နိုဝင်ဘာ ၁၇ ရက်တွင် သစ်ပင်များနှင့် ဓာတ်တိုင်များလဲကျကာ ခိုင်ခံ့မှုမရှိသော နေအိမ်များ တစ်စစီပျက်စီးခဲ့သည်ဟု သိရသည်။
မန်- ယီ သည် နိုဝင်ဘာ ၁၆ ရက်နှောင်းပိုင်းက လူဦးရေ အနည်းငယ်ထူထပ်သော ကာတန်ဒူရာနက်စ်ကျွန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မုန်တိုင်းကြောင့် လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၁၅ မိုင်နှုန်းအထိ ပြင်းထန် ခဲ့သည်။
အမျိုးသားမိုးလေဝသဌာနက မုန်တိုင်း၏ သက်ရောက်မှုသည် အလွန်ပြင်းထန်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် လူဦးရေ ၁ ဒသမ ၂ သန်းသည် မုန်တိုင်းမဝင်ရောက်မီ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြသည်။
မုန်တိုင်းကြောင့် သေဆုံးသူမရှိသော်လည်း ကာတန်ဒူရာနက်စ်ကျွန်းတွင် အပျက်အစီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေး အကြီးအကဲအေရီရယ်နီပိုမူစီနိုက ပြောကြားခဲ့သည်။
မန်- ယီသည် နိုင်ငံ၏ လူဦးရေအထူထပ်ဆုံးကျွန်းနှင့် စီးပွားရေးအချက်အချာဖြစ်သည့် လူဇွန်ကို ဝင်ရောက်တိုက်ခတ်ချိန်တွင် စူပါတိုင်ဖွန်းအဖြစ် ဆက်လက်တည်ရှိနိုင်မည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားကာ အော်ရိုကာပြည်နယ်တွင် အန္တရာယ်ရှိနိုင်သည့် အခြေအနေကို သတိပေးထားသည်။
မန်- ယီ မုန်တိုင်း ဖြတ်သန်းသည့် လမ်းကြောင်းတစ်လျှောက်ရှိ ပြည်နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေရှိပြီး မိုးရေချိန်သည် ၂၄ နာရီအတွင်း ၂၀၀ မီလီမီတာကျော်(ရှစ်လက်မနီးပါး)အထိ ရှိနိုင်သော ကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။
ကာတန်ဒူရာနက်စ်ကျွန်း၏ အရှေ့မြောက်ပိုင်း ပန်ဂါနီဘန်မြူနီစပယ်ဒေသသည် မန်- ယီ မုန်တိုင်းဒဏ် တိုက်ရိုက်ကြုံတွေ့ခဲ့သည်။
မြို့တော်ဝန် စီဆာရော့ဘ်လက်စ်၏ Facebook စာမျက်နှာတွင် မျှဝေထားသော ဓာတ်ပုံများနှင့် ဒရုန်းဗီဒီယိုအရ ဓာတ်တိုင်များ လဲကျနေပြီး အဆောက်အအုံများ ပျက်စီးနေကာ လမ်းမပေါ်တွင် သစ်ပင်များလဲကျနေသည်ကို တွေ့မြင်ရသည်။
“မုန်တိုင်းက အရမ်းအားပြင်းပါတယ်။ ကျွန်တော်ဒီတိုင်ဖွန်းလောက် အားပြင်းတဲ့ တိုင်ဖွန်းမျိုး မကြုံဖူးပါဘူး”ဟုရော့ဘ်လက်စ်က ပြောကြားခဲ့သည်။
“အခုချိန်ထိ ဘေးမကင်းသေးပါဘူး။လေပြင်းတွေ တိုက်နေပြီး အပျက်အစီးအများ အပြားရှိနေပါ သေးတယ်”ဟု ၎င်းက ဆိုသည်။
မန်- ယီ သည် ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်သည် ဆဌမမြောက်မုန်တိုင်းဖြစ်သည်။ ဖိလစ်ပိုင်တွင် ယခင်တိုက်ခတ်ခဲ့သော မုန်တိုင်းများကြောင့် လူ ၁၆၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်းထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ကောက်ပဲသီးနှံ အများအပြားဆုံးရှုံးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန်များလည်း သေဆုံးခဲ့သည်။
ကျောက်ဖြစ်ရုပ်ကြွင်းများကို မီးရှို့မှုကြောင့် ပြောင်းလဲလာသော ရာသီဥတုအခြေအနေကြောင့် ကမ္ဘာကြီးသည် ပိုမိုပူနွေးလာပြီး မုန်တိုင်းများသည် ပိုမိုအင်အားပြင်းလာကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။
နှစ်စဉ် ဖိလစ်ပိုင် သို့မဟုတ် ၎င်း၏အနီးဝန်းကျင်ရေပြင်တွင် မုန်တိုင်းကြီးများနှင့် တိုင်ဖွန်း ၂၀ ခန့် ဝင်ရောက်တိုက်ခတ်မှုကြောင့် လူအများအပြား သေဆုံးလေ့ရှိသည်။
Ref:AFP
-
ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်း ဘဏ္ဍာရေးပြဿနာကြောင့် ရာသီကုန်တွင် လီဂူး-၂ သို့ တန်းဆင်းရန် ပြစ်ဒဏ်ချမှတ်ခံရ
-
ပေါ့ဘာနှင့် ဂျူဗင်တပ်စ်အသင်း နိုဝင်ဘာလကုန်တွင် စာချုပ်ဖျက်သိမ်းရန် သဘောတူညီမှုရရှိ
-
မျှော်လင့်ခြင်းများစွာဖြင့်
-
Nations League နဲ့ မျှော်လင့်ခြင်းများဆီသို့
-
အလန်ရှီးယား ရွေးချယ်သည့် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် လီဗာပူးလ်ကစားသမား (၄)ဦးပါဝင်ပြီး မန်စီးတီးနှင့် အာဆင်နယ်မှ ပါဝင်ခြင်းမရှိ