Top News

ပြည့်တန်ဆာ စီစဉ်ပေးမှုဖြင့် Big Bang အဖွဲ့ဝင်ဟောင်း ဆန်းရီ စွဲချက်တင်ခံရ
24htopnews | June 1, 2024 3:12 PM CST

တောင်ကိုရီးယား အနုပညာလောကကို လှုပ်ခတ်စေခဲ့သည့် လိင်ပိုင်းဆိုင်ရာစော်ကားမှု အရှုပ်တော်ပုံအတွင်း စွပ်စွဲချက်များ စတင်ထွက်ပေါ်လာခဲ့ပြီးနောက် တစ်နှစ်ခန့်အကြာတွင် တောင်ကိုရီးယားကေပေါ့ပ်အဖွဲ့ Big Bang ၏အဖွဲ့ဝင်ဟောင်း ဆန်းရီသည် ပြည့်တန်ဆာ စီစဉ်ပေးမှု၊ လောင်းကစားမှု အပါအဝင် အခြားသောစွဲချက်များဖြင့် စွဲချက်တင်ခံရကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဆန်းရီ (အမည်ရင်း လီဆွန်ဟွန်း) သည် ပြည့်တန်ဆာများ စီစဉ်ပေးမှု၊ လောင်းကစား လိုက်စားမှု နှင့် နိုင်ငံခြားငွေကြေးများ တရားမဝင် ရောင်းဝယ်မှုစွဲချက်များဖြင့် ဖမ်းဆီးမှုမပါဘဲ စွဲချက်တင်ခံရခြင်းဖြစ်ကြောင်း ဆိုးလ်ဗဟို အစိုးရရှေ့နေရုံးမှ ပြည်သူ့ဆက်ဆံရေး တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ဆန်းရီသည် နာမည်ကြီးကေ့ပေါ့ပ်အဖွဲ့ Big Bang ၏ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး စွပ်စွဲချက်များနှင့် ပတ်သက်၍ ၎င်းအား စုံစမ်းစစ်ဆေးမှုစတင်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် မတ်လတွင် အဖွဲ့မှ နုတ်ထွက်ခဲ့သည်။

ဆန်းရီ စွဲချက်တင်ခံရမှုသည် Burning Sun အရှုပ်တော်ပုံအတွင်း နောက်ဆုံးကိစ္စရပ် ဖြစ်သည်။ ဂမ်နမ်မြို့အနီးဝန်းကျင်တွင် တည်ရှိသော Burning Sun နိုက်ကလပ်သည် လာဘ်ပေး လာဘ်ယူမှု၊ ကလပ်သို့ လာရောက်သူများအပေါ် အကြမ်းဖက်မှု၊ အထူးဧည့်သည်များအတွက် ပြည့်တန်ဆာစီစဉ်ပေးမှု၊ မူးယစ်ဆေး မှောင်ခိုရောင်းဝယ်မှုနှင့် မူးယစ်ဆေးသုံးစွဲမှု ပြုလုပ်သည့်နေရာတစ်ခုဖြစ်ကြောင်း ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ကလပ်အတွင်း၌ ကိုယ်ထိလက်ရောက် ကျူးလွန်မှု သို့မဟုတ် စိတ်ကြွဆေးခတ်မှုများ ရှိနေသည်ဟု အမျိုးသမီးအများအပြားက အခိုင်အမာ ပြောကြားထားကြသည်။

ဆန်းရီသည် Burning Sun ကလပ်၏ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကလပ်ကို လူအများသိစေရန် ကြော်ငြာပေးရသည့်ကိစ္စတွင် ကြီးမှူးဆောင်ရွက်သူ ဖြစ်သည်။ စွပ်စွဲချက်များ ထွက်ပေါ်လာချိန်ကတည်းက Burning Sun ကလပ်ကို ပိတ်ထားခဲ့ပြီး တောင်ကိုရီးယားနာမည်ကြီး အနုပညာရှင်အချို့မှာလည်း Burning Sun အရှုပ်တော်ပုံ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုဒဏ်ကို ခံခဲ့ရသည်။

အမျိုးသမီးများနှင့် လိင်ဆက်ဆံနေသည့် ဗီဒီယိုများကို ထိုအမျိုးသမီးများ၏ သဘောဆန္ဒမပါဘဲ အွန်လိုင်း chat group တွင် ဝေမျှခဲ့သည့်ကိစ္စရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုအတွင်း တွေ့ရှိခဲ့သည်။ chat group ၏အဖွဲ့ဝင်နှစ်ဦးဖြစ်သော အဆိုတော်- သီချင်းရေးဆရာ ဂျောင်ဂျွန်ယောင်းနှင့် တေးရေးဆရာ ချွဲဂျွန်ဟွန်း တို့သည် ခုခံနိုင်စွမ်းမရှိသည့် အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာစော်ကားမှုအတွင်း ပူးပေါင်းပါဝင်ခဲ့မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံရသည်။

အမျိုးသမီးများနှင့် လိင်ဆက်ဆံထားသည့် ဗီဒီယိုများကို chat group တွင် ဝေမျှခဲ့သည့် ဂျောင်ဂျွန်ယောင်းကို ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခဲ့ပြီး ချွဲဂျွန်ဟွန်းကို ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့သည်။ ထို့အပြင် လာဘ်ငွေ ဝမ်သန်း ၂၀ (ဒေါ်လာ ၁၇၃၀၀) ကို လက်ခံရယူကာ Burning sun ကလပ်အတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များအား စုံစမ်းစစ်ဆေးခြင်းကို ရပ်တန့်စေရန် လုပ်ဆောင်သော ရဲအရာရှိဟောင်းတစ်ဦးကို ထောင်ဒဏ် တစ်နှစ်၊ Burning Sun ကလပ် စီမံခန့်ခွဲသူ လီမွန်ဟိုကိုလည်း ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါလိင်အရှုပ်တော်ပုံသည် တောင်ကိုရီးယား အနုပညာလောက၌ နာမည်ကြီး အနုပညာရှင်များက အမျိုးသမီးများအပေါ် မည်သို့ပြုမှုဆက်ဆံနေကြသည်နှင့် စပ်လျဉ်း၍ မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။

 


READ NEXT
Cancel OK