အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ Hard Rock အားကစားရုံ၌ ဖေဖော်ဝါရီ (၂) ရက်တွင် ပြုလုပ်မည့် Super Bowl LIV ပြိုင်ပွဲ၏ အားလပ်ချိန် ဖျော်ဖြေရေးအစီအစဉ်တွင် အင်တိုက်အားတိုက် ဖျော်ဖြေသွားမည်ဟု မိုင်ယာမီတွင် ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျနီဖာလိုပက်ဇ်နှင့် ရှကီယာတို့က ပြောကြားခဲ့သည်။
ယင်းဖျော်ဖြေရေးအစီအစဉ်တွင် ယခင်ကထက် သီချင်းပိုများပြီး အကသမားများလည်း ပိုများလာမည်ဟု ၎င်းတို့နှစ်ဦးက ဆိုသည်။ ၁၂ မိနစ်ကြာမြင့်မည့် ဖျော်ဖြေရေးအစီအစဉ်တွင် ဇန်နဝါရီ ၂၆ ရက်က ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးခဲ့သည့် အထင်ကရ ဘတ်စကက်ဘောကစားသမား ကိုဘီဘရိုင်ယန်ကို ဂုဏ်ပြုသည့် ဖျော်ဖြေမှုလည်း ပါဝင်မည်ဟု လက်တင်အဆိုတော်နှစ်ဦး ဖြစ်သည့် လိုပက်ဇ်နှင့် ရှကီယာက ပြောကြားခဲ့သည်။
“ Barranquilla မှာ နေခဲ့တဲ့ ကလေးမလေးက Super Bowl ပြိုင်ပွဲမှာ ဖျော်ဖြေနိုင်လိမ့်မယ်လို့ ဘယ်သူကမှ ထင်ခဲ့မှာမဟုတ်ဘူး။ ကြီးကျယ်ခမ်းနားတဲ့ဖျော်ဖြေပွဲမျိုးမှာ ပါဝင်ခွင့်ရမယ်လို့ မမျှော်မှန်းခဲ့ဖူးဘူး” ဟု ရှကီယာက ပြောကြားခဲ့သည်။
ယခုနှစ်ဖျော်ဖြေရေးအစီအစဉ်သည် ရက်ပ်အဆိုတော် ဂျေဇီး တည်ထောင်ထားသည့် Rocnation ကုမ္ပဏီက ပထမဆုံး စီစဉ်ထုတ်လုပ်မည့် ဖျော်ဖြေပွဲဖြစ်လာမည်ဖြစ်သည်။
လိုပက်ဇ်နှင့် ရှကီယာသည် ပေါ့ပ်နှင့် လက်တင်သီချင်း ရောင်းချမှုစာရင်းများ၏ ထိပ်တန်းနေရာတွင် ဆယ်စုနှစ်များစွာ ဦးဆောင်ခဲ့သည့် အဆိုတော်နှစ်ဦးဖြစ်သည်။
အသက် ၄၂ နှစ်ရှိပြီဖြစ်သည့် ကိုလံဘီယာအဆိုတော် ရှကီယာသည် ကမ္ဘာတွင် ရောင်းအားအကောင်းဆုံး လက်တင်အမေရိက အဆိုတော်တစ်ဦးဖြစ်ပြီး ဂရမ်မီဆုသုံးဆု ရရှိထားသူလည်းဖြစ်သည်။ ရှကီယာသည် ၂၀၀၆ ခုနှစ်တွင် Hips Don’t Lie သီချင်းဖြင့် နိုင်ငံတကာတွင် ထင်ရှားလာခဲ့သည်။
အသက် ၅၀ ရှိပြီဖြစ်သော လိုပက်ဇ်သည် Love Don’t Cost a Thing ၊If You Had My Love ၊ I’m Real ၊ Ain’t Funny ၊ All I Have ၊ On the Floor အစရှိသည့် သီချင်းများဖြင့် အောင်မြင်ခဲ့သည်။
သရုပ်ဆောင်တစ်ဦးလည်းဖြစ်သည့် လိုပက်ဇ်သည် Selena ဇာတ်ကားဖြင့် ရွှေကမ္ဘာလုံးဆုအတွက် လျာထားခံခဲ့ရပြီး ဟောလိဝုဒ်တွင် ဝင်ငွေအများဆုံးရလက်တင် အမျိုးသမီးသရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
“ ကမ္ဘာ့အကြီးဆုံး ဖျော်ဖြေရေးစင်မြင့်တစ်ခုမှာ ကျွန်မတို့ အမျိုးသမီးတွေ ဘယ်လိုဖျော်ဖြေနိုင်တယ်ဆိုတာ ပြသဖို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်” ဟု လိုပက်ဇ်က ပြောကြားခဲ့သည်။
-
မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် မိသားစုဝင်များအား တရုတ်နိုင်ငံ၌ ခြောက်လ နေထိုင်ခွင့်ရှိမည့် ဗီဇာအမျိုးအစားများကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်ထုတ်ပေးမည်
-
နယူးဒေလီမြို့တော်တွင် မီးခိုးမြူများ ဖုံးလွှမ်းမှုကြောင့် မူလတန်းကျောင်းအားလုံး ပိတ်ထားခဲ့ရ
-
ဖိလစ်ပိုင်တွင် စူပါတိုင်ဖွန်းမန်-ယီ တိုက်ခတ်မှုကြောင့် သစ်ပင်များနှင့် ဓာတ်တိုင်များ လဲကျ
-
eSports လောကသို့ဝင်ရောက်ရန် ဆွေးနွေးမည်ဟု ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီ ပြောကြား
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား