Top News

Super Bowl ဖျော်ဖြေပွဲတွင် ဂျနီဖာလိုပက်ဇ်နှင့် ရှကီယာတို့က လက်တင်အက၊ စည်းချက်တို့ဖြင့် ဖျော်ဖြေခဲ့
24htopnews | June 1, 2024 3:12 PM CST

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ Hard Rock အားကစားရုံ၌ ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်ခဲ့သည့် Super Bowl LIV ပြိုင်ပွဲ၏ အားလပ်ချိန် ဖျော်ဖြေရေးအစီအစဉ်တွင် ဂျနီဖာလိုပက်ဇ်နှင့် ရှကီယာတို့က ၎င်းတို့၏ အောင်မြင်ကျော်ကြားသည့် သီချင်းများကို လက်တင်အက၊ စည်းချက်တို့ဖြင့် ဖျော်ဖြေခဲ့ကြသည်။

ရှကီယာသည် မြူးကြွသည့် အကအဖွဲ့နှင့်အတူ ဖျော်ဖြေပွဲကိုစတင်ခဲ့ပြီး She Wolf၊ Whatever, Whatever စသည့် သီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ရှကီယာသည် ၎င်း၏ အောင်မြင်မှုအရှိဆုံး သီချင်းတစ်ပုဒ်ဖြစ်သည့် Hips Don’t Lie သီချင်းဖြင့် မဖျော်ဖြေမီ ပွာတိုရီကန်အဆိုတော် Bad Bunny ၏ I Like It သီချင်းတွင်လည်း ပါဝင်သီဆိုခဲ့သည်။

ရှကီယာ၏ ဖျော်ဖြေမှုအပြီးတွင် ဂျနီဖာလိုပက်ဇ်က Love Don’t Cost A Thing, Get Right နှင့် On The Floor သီချင်းတို့ဖြင့် ဖျော်ဖြေခဲ့သည်။ လိုပက်ဇ်သည် Waiting for Tonight သီချင်းကို ကိုလံဘီယာအဆိုတော် J Balvin နှင့် တွဲဖက်သီဆိုခဲ့သည်။ လိုပက်ဇ်သည် Hustlers ဇာတ်ကားတွင် ပါဝင်ခဲ့သည့် Ramona ဇာတ်ကောင်ကို ဂုဏ်ပြုမှုအဖြစ် ယင်းဇာတ်ကောင်၏ အကပုံစံဖြင့် ကပြဖျော်ဖြေခဲ့သည်။ လိုပက်ဇ်သည် Hustlers ဇာတ်ကားဖြင့် ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းတွင် လျာထားခံခဲ့ရသည်။

အမေရိကန်၏ လက်ရှိနိုင်ငံရေးအခြေအနေကို ဝေဖန်ပိုင်းခြားသည့် တင်ဆက်မှုတစ်ခုကိုလည်း ယင်းအစီအစဉ်တွင် ဖျော်ဖြေခဲ့သည်။ လှောင်အိမ်များနှင့် ဆင်တူသည့်   မီးလင်းနေသော အသီးတောင့်ပုံကိုယ်ထည်များတွင် ကလေးများရှိနေသည့်ပုံကိုလည်း   ဖျော်ဖြေတင်ဆက်ခဲ့သည်။ ယင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လက်ထက်တွင် ရွှေ့ပြောင်းအခြေချ ဥပဒေပြဋ္ဌာန်းခဲ့ပြီး လက်တင်အမေရိကန်နိုင်ငံများမှ ကလေးများစုပါဝင်သည့် ရွှေ့ပြောင်းအခြေချကလေးများကို မိဘများနှင့်ခွဲပြီး ထိန်းသိမ်းရေးစခန်းများတွင် ထားခဲ့မှုကို ရည်ညွှန်းသည့် ဖျော်ဖြေတင်ဆက်မှုတစ်ခုဟု ထင်မှတ်ရသည်။

ယင်းဖျော်ဖြေမှုတွင် ဂျနီဖာလိုပက်ဇ်၏ သမီးဖြစ်သူ  Emme ပါဝင်ခဲ့သည်။ လိုပက်ဇ်သည် ဘရုစပရင်းစတင်း၏ Born in the USa သီချင်းကို  Emme နှင့်သီဆိုခဲ့ပြီးနောက် သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။ ယင်းနောက် ရှကီယာက၂၀၁၀ ကမ္ဘာ့ဖလားအတွက် ၎င်းရေးစပ်သီဆိုခဲ့သည့် Let’s Get Loud သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။

Super Bowl ပြိုင်ပွဲ၏ အားလပ်ချိန် ဖျော်ဖြေရေးအစီအစဉ်သည် ရေပန်းစားသည့် အစီအစဉ်တစ်ခုဖြစ်ပြီး အမေရိကန်တွင် ရုပ်သံပရိသတ် သန်း ၁၀၀ ခန့်ကို ဆွဲဆောင်နိုင်ခဲ့သည်။

 


READ NEXT
Cancel OK