Top News

ဗြိတိန်မဂ္ဂဇင်း Empire က ထုတ်ပြန်သည့် အကောင်းဆုံးဇာတ်ကား ၁၀၀ စာရင်းတွင် ထိုင်ဝမ်ဒါရိုက်တာ အန်းလီ၏ ဇာတ်ကားနှစ်ကား ပါဝင်
24htopnews | June 1, 2024 3:12 PM CST

ရုပ်ရှင်ဇာတ်ကားများအကြောင်း ရေးသားသည့် ဗြိတိန်မဂ္ဂဇင်း Empire က ထုတ်ပြန်သည့် ၂၁ ရာစု၏ အကောင်းဆုံးဇာတ်ကား ၁၀၀ စာရင်းတွင် ထိုင်ဝမ်ဒါရိုက်တာ အန်းလီ၏ ဇာတ်ကားနှစ်ကား ပါဝင်ခဲ့သည်။

အန်းလီ၏ ၂၀၀၅ ခုနှစ်က ဖြန့်ချိခဲ့သည့် Brokeback Mountain ဇာတ်ကားသည် အဆိုပါစာရင်း၏ နံပါတ် ၅၄ နေရာတွင် ဖော်ပြခံခဲ့ရသည်။  အန်းလီသည် ယင်းဇာတ်ကားဖြင့် (၇၈) ကြိမ်မြောက် အော်စကာဆုပေးပွဲ၊ (၅၉) ကြိမ်မြောက် ဗြိတိန်အော်စကာ ဆုပေးပွဲ Bafta နှင့် (၆၃) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲတို့တွင် အကောင်းဆုံးဒါရိုက်တာဆုများ ရရှိခဲ့သည်။ ယင်းဇာတ်ကားသည် အမေရိကန်ရုပ်ရှင် မော်ကွန်းတိုက်တွင် ထိန်းသိမ်းရန် ၂၀၁၈ ခုနှစ်တွင် ရွေးချယ်ခံခဲ့ရသည်။

၂၀၀၀ ပြည့်နှစ်က ဖြန့်ချိခဲ့သည့် အန်းလီ၏ Crouching Tiger, Hidden Dragon ဇာတ်ကားသည်လည်း Empire က ထုတ်ပြန်သည့် ၂၁ ရာစု၏ အကောင်းဆုံးဇာတ်ကား ၁၀၀ စာရင်းတွင် နံပါတ် ၉၀ နေရာ၌ ဖော်ပြခံခဲ့ရသည်။

ရုပ်ရှင်ဇာတ်လမ်း၊ ရိုက်ကူးမှု၊ ရုပ်ရှင် အတတ်ပညာနှင့် ဇာတ်ကားတွင် အသုံးပြုသည့် ကိုယ်ခံပညာ ဇာတ်ကွက်များအတွက် ချီးကျူးခံခဲ့ရသည့် ယင်းဇာတ်ကားသည် (၇၃) ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် နိုင်ငံခြား ဘာသာစကားပြော ဇာတ်ကားဆုအပါအဝင် ဆုလေးဆု ရရှိခဲ့သည်။

Empire ၏ အကောင်းဆုံးဇာတ်ကား ၁၀၀ စာရင်းတွင် တောင်ကိုရီးယား Park Chan-wook ၏ Oldboy ဇာတ်ကားက နံပါတ် ၇၄ နေရာတွင် ဖော်ပြခံခဲ့ရသည်။ ၂၀၀၄ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်တွင် Grand Prix ဆုရရှိခဲ့သည့် ယင်းဇာတ်ကားသည် ၎င်း၏ အကြိုက်ဆုံးဇာတ်ကားများထဲမှ တစ်ကားဖြစ်သည်ဟု အမေရိကန်ဒါရိုက်တာ ကွန်တင်တာရန်တီနိုက ပြောကြားခဲ့သည်။ ယင်းဇာတ်ကားကို ဒါရိုက်တာ စပိုက်လီက ၂၀၁၃ ခုနှစ်တွင် ပြန်လည်ဆန်းသစ် ရိုက်ကူးခဲ့သည်။

ဟောင်ကောင်ဒါရိုက်တာ ဝမ်ကားဝေ၏ The Mood For Love ဇာတ်ကားသည် အဆိုပါစာရင်း၏ နံပါတ် ၉၁ နေရာတွင် ဖော်ပြခံခဲ့ရသည်။ ဂျပန်အန်နီမေးရှင်းဇာတ်ကား Spirited Away သည် အဆိုပါစာရင်း၌ ပါဝင်သည့် တစ်ခုတည်းသော အန်နီမေးရှင်း ဇာတ်ကားဖြစ်ပြီး နံပါတ် ၁၅ နေရာတွင် ဖော်ပြခံခဲ့ရသည်။

Empire မဂ္ဂဇင်း၏ အဆိုပါစာရင်းတွင် Mad Max: Fury Road က နံပါတ် ၁ နေရာတွင် ရပ်တည်နေပြီး The Lord Of The Rings: The Fellowship Of The Ring နှင့် The Dark Knight တို့က ဒုတိယနှင့် တတိယ နေရာတွင် ဖော်ပြခံခဲ့ရသည်။

 


READ NEXT
Cancel OK