အမေရိကန်ပေါ့ပ် အဆိုတော် ကေတီပယ်ရီကို British Asian Trust ၏ သံတမန်အဖြစ် ဗြိတိန်မင်းသားချားစ်က ခန့်အပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ပယ်ရီသည် ဗြိတိန်ပရဟိတအဖွဲ့ British Asian Trust က လုပ်ဆောင်နေသည့် ကလေးငယ်များ လူကုန်ကူးခံရမှုကို ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်အတွက် ကူညီပေးသွားမည်ဟု ယင်းပရဟိတအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ယူနီဆက်ဖ်၏ သံတမန်တစ်ဦးလည်းဖြစ်သည့် ပယ်ရီသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့၌ ပြုလုပ်သည့် Trust အား ကူညီပံ့ပိုးပေးသူများနှင့် အကြံပေးများ၏ အစည်းအဝေးတွင် ချားစ်မင်းသားနှင့် တွေ့ဆုံခဲ့ဖူးသည်။
“ ကလေးသူငယ် လူကုန်ကူးခံရမှုတွေကို ထက်ဝက်လျှော့ချဖို့ ရည်ရွယ်တဲ့ကွင်းဆင်း စီမံချက်တွေကနေ ရန်ပုံငွေကောက်ခံမှုတွေအထိ ပါဝင်တဲ့ သူတို့ရဲ့ ခိုင်မာတဲ့အစီအစဉ်တွေကို ကျွန်မ အထင်ကြီးတယ်။ ဒါကြောင့် British Asian Trust ရဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးရန်ပုံငွေရဲ့ သံတမန်အဖြစ် ခန့်အပ်ခံရတာကို ကျွန်မ ဂုဏ်ယူပါတယ်” ဟု ကေတီပယ်ရီက ပြောကြားခဲ့သည်။
ယူနီဆက်ဖ်သံတမန်တစ်ဦးအဖြစ် နိုင်ငံအများစုကို သွားရောက်ခဲ့ရာတွင် ခုခံနိုင်စွမ်းအားနည်းသည့် ကလေးသူငယ်များအကြောင်းကို သိမြင်ခဲ့ရကြောင်း အသက် ၃၅ နှစ်ရှိပြီဖြစ်သော ပယ်ရီက ပြောကြားခဲ့သည်။
ပယ်ရီအား သံတမန်အဖြစ် ခန့်အပ်ကြောင်းကို လန်ဒန်ရှိ Banqueting အိမ်တော်တွင် ပြုလုပ်မည့် Trust ၏ နှစ်ပတ်လည် တော်ဝင်ညစာစားပွဲတွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ ယင်းညစာစားပွဲတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးစီမံချက်များနှင့် ကလေးအလုပ်သမား ပပျောက်ရေးစီမံချက်များကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်။ ယင်းညစာစားပွဲကို ဗြိတိန်ဝန်ကြီးများနှင့် ပရဟိတ အလှူရှင်များလည်း တက်ရောက်မည် ဖြစ်သည်။
တောင်အာရှတွင် ဆင်းရဲမွဲတေမှု၊ မမျှတမှုနှင့် တရားမျှတမှုမရှိခြင်းများကို တိုက်ဖျက်ရန်အတွက် British Asian Trust ပရဟိတအဖွဲ့ကို ချားစ်မင်းသားနှင့် ဗြိတိန်အာရှ စီးပွားရေးခေါင်းဆောင်များက ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယတွင် အလုပ်လုပ်ရန် ဖိအားပေးခိုင်းစေခံရသည့် ကလေးဦးရေ ၅.၈ သန်းခန့်ရှိပြီး အများစုသည်တစ်နေ့လျှင် ၁၅ နာရီခန့် အလုပ်လုပ်ရသည်ဟု ယူဆရကြောင်း Trust က ထုတ်ပြန်ခဲ့သည်။
-
မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် မိသားစုဝင်များအား တရုတ်နိုင်ငံ၌ ခြောက်လ နေထိုင်ခွင့်ရှိမည့် ဗီဇာအမျိုးအစားများကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်ထုတ်ပေးမည်
-
နယူးဒေလီမြို့တော်တွင် မီးခိုးမြူများ ဖုံးလွှမ်းမှုကြောင့် မူလတန်းကျောင်းအားလုံး ပိတ်ထားခဲ့ရ
-
ဖိလစ်ပိုင်တွင် စူပါတိုင်ဖွန်းမန်-ယီ တိုက်ခတ်မှုကြောင့် သစ်ပင်များနှင့် ဓာတ်တိုင်များ လဲကျ
-
eSports လောကသို့ဝင်ရောက်ရန် ဆွေးနွေးမည်ဟု ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီ ပြောကြား
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား