ဟောလိဝုဒ်ရွှေခေတ်၏ အထင်ကရသရုပ်ဆောင်တစ်ဦးဖြစ်ပြီး Spartacus, Ace in the Hole အစရှိသည့် ဇာတ်ကားများဖြင့် အောင်မြင်ခဲ့သည့် ကက်ဒေါက်ကလဂ်သည် ဖေဖော်ဝါရီ ၅ ရက်တွင် ကွယ်လွန်ခဲ့သည်ဟု ၎င်း၏သားဖြစ်သူ သရုပ်ဆောင် မိုက်ကယ်ဒေါက်ကလဂ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“အသက် ၁၀၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဖေက ဒီနေ့ (ဖေဖော်ဝါရီ ၅ ရက်) မှာ ကျွန်တော်တို့ ညီအစ်ကိုတွေကို ချန်ထားခဲ့ပါပြီ။ အဖေက ဟောလိဝုဒ်ရွှေခေတ်ရဲ့ သရုပ်ဆောင်၊ တရားမျှမှုအတွက် ဆောင်ရွက်ခဲ့တဲ့ လူသားချင်း စာနာထောက်ထားမှု ရှိသူတစ်ဦးပါ။ အဖေ့ရဲ့သားဖြစ်ရတာကို ကျွန်တော် အရမ်းဂုဏ်ယူရတယ်” ဟု မိုက်ကယ်ဒေါက်ကလဂ်က Facebook တွင် ရေးသားခဲ့သည်။
ကက်ဒေါက်ကလဂ်သည် ဆယ်စုနှစ်ခုနစ်ခုအတွင်း ရုပ်ရှင်ဇာတ်ကား ၉၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ကက်ဒေါက်ကလဂ်၏ Spartacus, The Vikings စသည့် ဇာတ်ကားများသည် ၁၉၅၀ ပြည့်လွန်နှစ်များနှင့် ၁၉၆၀ ပြည့်လွန်နှစ်များ၏ လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းများကို ဦးဆောင်ခဲ့သည့် ဇာတ်ကားများဖြစ်ခဲ့သည်။
၁၉၅၀ ပြည့်လွန်နှစ်များတွင် ကွန်မြူနစ်လှုပ်ရှားမှုနှင့် ဆက်စပ်မှုများကြောင့် သရုပ်ဆောင်များ၊ ဒါရိုက်တာများနှင့် စာရေးဆရာများကို ဖယ်ကြဉ်ပြီး ဟောလိဝုဒ်အမည်ပျက်စာရင်းထည့်သွင်းမှုကို ချိုးဖျက်ခဲ့မှုတွင် ကက်ဒေါက်ကလဂ်သည် အဓိကအခန်းကဏ္ဍမှလည်း ပါဝင်ခဲ့သည်။ ကွန်မြူနစ်တစ်ဦးဟု သံသယရှိမှုကြောင့် Hollywood Ten အမည်ပျက်စာရင်းတွင် ထည့်သွင်းခံခဲ့ရသည့် အမေရိကန်ဇာတ်ညွှန်းရေးဆရာ Dalton Trumbo ကို Spartacus ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးရန် ဒေါက်ကလဂ်ကငှားရမ်းခဲ့သည်။
Bryna Productions ထုတ်လုပ်ရေးကုမ္ပဏီ၏ တည်ထောင်သူဖြစ်သော ဒေါက်ကလဂ်သည် ယင်းအချိန်က ထုတ်လုပ်သူများကဲ့သို့မဟုတ်ဘဲ ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးသူအမည်ကို စာတမ်းထိုးရာတွင် Dalton Trumbo ၏ အမည်ရင်းကိုသာ ဖော်ပြစေခဲ့သည်။
ဒေါက်ကလဂ်သည် ဟောလိဝုဒ်တွင် အမည်ပျက်စာရင်းထည့်သွင်းမှုကို အဆုံးသတ်စေရန် အထောက်အကူပြုခဲ့သည့် သြဇာလွှမ်းမိုးသော သရုပ်ဆောင်တစ်ဦးဟု ဟောလိဝုဒ်သရုပ်ဆောင်များသမဂ္ဂ၏ ဥက္ကဋ္ဌ Gabrielle Carteris က ပြောကြားခဲ့သည်။
ဒေါက်ကလဂ်သည် အသက် ၈၀ အရွယ် ၁၉၉၆ ခုနှစ်တွင် လေသင်တုန်းဖြတ်ပြီး စကားမပီမသဖြစ်ကာ မျက်နှာပိုင်းဆိုင်ရာ အာရုံကြောများ ထိခိုက်ပျက်စီးခဲ့သည်။ သို့သော်လည်း ယင်းသို့ဖြစ်ပြီး သီတင်းနှစ်ပတ်အကြာတွင် အော်စကာဆုပေးပွဲ၌ တစ်သက်တာ အောင်မြင်မှုအရှိဆုံး သရုပ်ဆောင်ဆုကို တက်ရောက်ယူခဲ့ပြီး ၎င်း၏ စိတ်ဓာတ်ခိုင်မာမှုကို ပြသခဲ့သည်။ ၂၀၀၈ ခုနှစ်အထိ ဇာတ်ကားအချို့တွင် ဇာတ်ပို့သရုပ်ဆောင်များအဖြစ် ပါဝင်ခဲ့ပြီး အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့သည်။
ဒေါက်ကလဂ်သည် အော်စကာဆန်ခါတင်စာရင်းတွင် အကောင်းဆုံးသရုပ်ဆောင်ဆုအတွက် သုံးကြိမ်လျာထားခံခဲ့ရသည်။
-
မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် မိသားစုဝင်များအား တရုတ်နိုင်ငံ၌ ခြောက်လ နေထိုင်ခွင့်ရှိမည့် ဗီဇာအမျိုးအစားများကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်ထုတ်ပေးမည်
-
နယူးဒေလီမြို့တော်တွင် မီးခိုးမြူများ ဖုံးလွှမ်းမှုကြောင့် မူလတန်းကျောင်းအားလုံး ပိတ်ထားခဲ့ရ
-
ဖိလစ်ပိုင်တွင် စူပါတိုင်ဖွန်းမန်-ယီ တိုက်ခတ်မှုကြောင့် သစ်ပင်များနှင့် ဓာတ်တိုင်များ လဲကျ
-
eSports လောကသို့ဝင်ရောက်ရန် ဆွေးနွေးမည်ဟု ဘိုင်ယန်မြူးနစ်အသင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရူမင်နစ်ဂီ ပြောကြား
-
အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပြီးနောက် အမေရိကန်သည် စူပါပါ၀ါနိုင်ငံ မဟုတ်တော့ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောကြား