Top News

ထိန်းမနိုင်သိမ်းမရလူအုပ်ကြောင့် လန်ဒန်တွင် နစ်ကီမီနာ့ဂျ်နှင့် ပရိသတ်များ တွေ့ဆုံပွဲကို ရဲခေါ်ပြီး ဖျက်သိမ်းလိုက်ရ
24htopnews | April 13, 2024 1:12 PM CST

ပရိသတ်များ ထိန်းမနိုင်သိမ်းမရ များပြားနေမှုကြောင့် လန်ဒန်တွင် စီစဉ်ထားသည့်  ကမ္ဘာကျော်အမျိုးသမီးရက်ပ်အဆိုတော် နစ်ကီမီနာ့ဂျ်နှင့် ပရိသတ်များတွေ့ဆုံပွဲကို နောက်ဆုံးတွင် ဖျက်သိမ်းလိုက်ရသည်။

နစ်ကီမီနာ့ဂျ်ကို တွေ့ခွင့်ရရန် အချိန်ကြာကြာ လာစောင့်အားခဲထားပြီးကာမှ ပွဲကို ဖျက်လိုက်သည့်အတွက်လည်း ပရိသတ်အများစုက စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြသည်။

ဇူလိုင် ၁၁ ရက် မွန်းလွဲချိန်နောက်ပိုင်း လန်ဒန်ရှိ Café Koko စားသောက်ဆိုင်တွင် ရှိနေမည်ဆိုသည့် နစ်ကီမီနာ့ဂျ်၏ အင်စတာဂရမ်ကြေညာချက်ကြောင့် ထိုနေ့က စားသောက်ဆိုင်အနီးဧရိယာတွင် ပရိသတ်များ  နာရီများစွာ ကြိုရောက်နေခဲ့သည်။

တကယ်တမ်း နစ်ကီမီနာ့ဂျ်ရောက်လာချိန်က ငါးနာရီနောက်ကျနေခဲ့သည်။ ထို့ပြင်ကားပတ်ပတ်လည်တွင် ပရိသတ်များက အုံလိုက်ကျင်းလိုက် ၀ိုင်းပြီးအော်ဟစ်နေသည့်အတွက် နစ်ကီသည် ကားထဲမှ တော်ရုံနှင့် မထွက်နိုင်ခဲ့ပေ။

မီနာ့ဂျ်သည် ပြီးခဲ့သည့်သီတင်းပတ်ကုန်က Finsbury ဥယျာဉ်တွင်ပြုလုပ်သည့် Wireless ဂီတပွဲတော်တွင် ဖျော်ဖြေရန် ဗြိတိန်သို့ ရောက်နေခြင်းဖြစ်သည်။ ဆိုရှယ်မီဒီယာပေါ်မှ ဗီဒီယိုများအရ ထောင်နှင့်ချီသည့် ပရိသတ်များက နစ်ကီမီနာ့ဂျ်ကို တွေ့ခွင့်ရရန် အပူချိန် ၃၀ ဒီဂရီဆဲလ်စီးယပ်ကျော်ကို အန်တုပြီး စောင့်နေခဲ့ကြခြင်းဖြစ်သည်။

ဧရိယာတစ်ခုလုံး လူပြည့်လျှံနေသည့်အတွက် နေရာလေးများ ဖယ်ပေးကြရန် မီနာ့ဂျ်က ပရိသတ်များအား တွစ်တာတွင် မေတ္တာရပ်ခံခဲ့သေးသည်။

မြို့ခံရဲတပ်ဖွဲ့အဆိုအရ ပွဲပြုလုပ်ရာနေရာရှိ ဝန်ထမ်းများက ရဲတပ်ဖွဲ့ကိုဆက်သွယ်ခေါ်ယူခဲ့ပြီး မီနာ့ဂျ်ကို ရဲများက လိုက်ပါဝန်းရံကာကွယ်ပေးခဲ့ရသည်။

မီနာ့ဂျ်ကိုယ်တိုင်နှင့် ပွဲစီစဉ်သူများက ပရိသတ်များ ဘေးကင်းရေးကို ဦးစားပေးကာ ပွဲကိုဖျက်သိမ်းကြောင်း သေချာသွားသည့်အတွက် ရဲများက လမ်းများပိတ်ပြီး လူအုပ်ကို ထိန်းထိန်းသိမ်းသိမ်းဖြင့် နေရာမှပြန်လည်ထွက်ခွာကြရန် တိုက်တွန်းခဲ့သည်။

မီနာ့ဂျ်သည်မထွက်ခွာမီ ကားထဲတွင် နာရီဝက်ခန့် ပိတ်မိနေခဲ့သေးသည်။ ၎င်း၏ ကားနောက်သို့လည်း အပြေးအလွှားလိုက်ကြသည့်ပရိသတ်များရှိသည်။ Wireless ဂီတပွဲတော်တွင် အဓိကဖျော်ဖြေသူများက မီနာ့ဂျ် အပါအဝင် အားလုံးအမျိုးသမီးချည်းဖြစ်ပြီး ပွဲလက်မှတ်အားလုံးကုန်သွားကြောင်း ပွဲတော်စီစဉ်သူများက ကြေညာခဲ့သည်။


READ NEXT
Cancel OK