Top News

ငှားရမ်းထားသည့်အကျႌများ ပြန်ပေးရန်ပျက်ကွက်မှုဖြင့် ကန်ညေးဝက်စ် တရားစွဲဆိုခံရ
24htopnews | April 13, 2024 1:12 PM CST

အမေရိကန်ရက်ပ်အဆိုတော်တစ်ဦးလည်းဖြစ်ပြီး ဒီဇိုင်နာတစ်ဦးလည်းဖြစ်သည့် ကန်ညေးဝက်စ်သည် ငှားရမ်းထားသည့် အကျႌများကို ပြန်ပေးရန်ပျက်ကွက်မှုဖြင့် တရားစွဲဆိုခံထားရသည်ဟု သိရသည်။

အသက် ၄၅ နှစ်အရွယ် ဝက်စ်သည် ၂၀၂၀ ခုနှစ် မတ်လက ဖက်ရှင်မော်ကွန်းတိုက်မှ အထည်ပေါင်း ၄၉ ထည်ကို ငှားရမ်းခဲ့ပြီးနောက် ဒေးဗစ်ကာဆာဗန့်ထံ ရှားပါးအဖိုးတန်အထည် ၁၃ ထည်ကို ပြန်ပေးရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။

ဒေးဗစ်ကာဆာဗန့်ဖက်ရှင်မော်ကွန်းတိုက်က ကန်ညေးသည် အပြစ်အနာအဆာ မရှိဘဲ အခြားအထည်ပေါင်း ၃၆ ထည်ကို ပြန်လည်ပေးအပ်ခဲ့သော်လည်း ၂၀၂၀ ခုနှစ် အောက်တိုဘာလကုန်ပိုင်းအထိ ကျန်ရှိသည့် အထည် ၁၃ ထည်အတွက် လစဉ်ငှားရမ်းခ ပေးချေရန် ရပ်တန့်ခဲ့သည်ဟု အတည်ပြုပြောကြားခဲ့သည်။

TMZ သတင်းဌာနမှ ရရှိသည့်အချက် အလက်များအရ အသက် ၃၁ နှစ်အရွယ် ဒီဇိုင်နာ ဒေးဗစ်ကာဆာဗန့်သည် ပေးချေရခြင်း မရှိသေးသော ငှားရမ်းခတန်ဖိုး ဒေါ်လာ ၂၂၁,၀၀၀ နှင့် ပျောက်ဆုံးသွားသောပစ္စည်းများကို အစားထိုးရန်အတွက် နောက်ထပ်ဒေါ်လာ ၁၉၅,၀၀၀ အား လျော်ကြေးရရှိရန် တရားစွဲဆိုခဲ့သည်ဟုဆိုသည်။

ကန်ညေးအတွက် ဒေးဗစ်၏ ကုန်ပို့လွှာစာရင်းရှိ ပစ္စည်း ၄၉ ခုတွင် Helmut Lang ၏ ခေတ်ဟောင်းအပြာရောင် ဂျင်းဂျာကင်အကျႌ၊ ဒေါ်လာ ၅,၀၀၀ တန် Gucci bomber ဂျာကင်နှင့်  Dolce and Gabbana အနက်ရောင် ဇာကွက်အပေါ်အကျႌတို့လည်း ပါဝင်သည်။

ဝက်စ်သည် မကြာသေးမီ သီတင်းပတ်များအတွင်း ပေါ်ပေါ်ထင်ထင် နေထိုင်လေ့မရှိသော်လည်း လွန်ခဲ့သည့် သီတင်းနှစ်ပတ်ခန့်က သူသည် ၂၀၂၂ BET ဆုပေးပွဲသို့ တက်ရောက်ခဲ့သည်။

ယခုလအစောပိုင်းကလည်း ဝက်စ်သည် ၎င်း၏ Donda 2 အယ်လ်ဘမ်တွင် အထင်ကရ ဂီတပညာရှင် မာရှယ်ဂျက်ဖာဆန်၏ ခွင့်ပြုချက်မရှိဘဲ သီချင်းတစ်ပုဒ် နမူနာယူခဲ့သည့်အတွက် တရားစွဲဆိုခံခဲ့ရသည်။

ဝက်စ်သည် ဂျက်ဖာဆန်၏ ၁၉၈၆ ခုနှစ်က ထွက်ရှိသော Move Your Body သီချင်း၏အစိတ်အပိုင်းကို ၎င်း၏ Flowers သီချင်း၌ အသုံးပြုထားသည်ဟု စွပ်စွဲခံထားရသည်။

ဝက်စ်နှင့် ၎င်း၏ ထုတ်ဝေရေးက ယင်းတရားစွဲဆိုမှုနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံ တစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။


READ NEXT
Cancel OK