Top News

2023 Eurovision သီချင်းဆိုပြိုင်ပွဲကြီးကို ယူကရိန်းကိုယ်စား ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
24htopnews | April 13, 2024 1:12 PM CST

ဥရောပ၏ အကြီးကျယ်ဆုံးသီချင်းဆိုပြိုင်ပွဲကြီးဖြစ်သည့် Eurovision ကို လာမည့် ၂၀၂၃ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၌ မဟုတ်ဘဲ ဗြိတိန်နိုင်ငံ၌ ကျင်းပသွားမည်ဟု ဥရောပရုပ်သံသမဂ္ဂ (EBU) နှင့် ဘီဘီစီတို့က အတည်ပြုကြေညာထားသည်။

ထုံးစံအရ ၂၀၂၂ ခုနှစ်တွင် Winner နိုင်ငံဖြစ်သည့် ယူကရိန်းက ၂၀၂၃ ခုနှစ်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရမည်ဖြစ်သော်လည်း လက်ရှိရုရှားနှင့် စစ်မက်ဖြစ်ပွားနေမှုကြောင့် ထိုအခွင့်အရေးကို လက်လွှတ်လိုက်ရသည်။ မေတွင် အီတလီနိုင်ငံ၊ တူရင်မြို့၌ ကျင်းပသည့် Eurovision သီချင်းဆိုပြိုင်ပွဲတွင် ယူကရိန်းကိုယ်စားပြုအဖွဲ့က ပထမရပြီး ဗြိတိန်ကိုယ်စားပြုဆမ်ရိုင်ဒါက ဒုတိယရခဲ့သည်။

ရုရှားနိုင်ငံကမူ ယခုနှစ်တွင် ဝင်ပြိုင်ခွင့် မရခဲ့ပေ။ ဗြိတိန်က အိမ်ရှင်အဖြစ် ကျင်းပမည့်အပေါ် ၂၀၂၂ ပြိုင်ပွဲ၏ပထမဆုရှင် Kalush Orchestra အဖွဲ့က နောက်နှစ်ပွဲကို ယူကရိန်းတွင် ကျင်းပခွင့်မရသည့်အတွက် ၎င်းတို့ဝမ်းနည်းကြောင်း၊ သို့သော်ယူကရိန်းနိုင်ငံနှင့်အတူ ရပ်တည်ပေးပြီး ကိုယ်စားကျင်းပပေးရန် တောင်းဆိုမှုကို လက်ခံခဲ့သည့် ဗြိတိန်နိုင်ငံကို ကျေးဇူးတင်ပါကြောင်း Sky News ရုပ်သံအား ဖွင့်ဟပြောခဲ့သည်။

၂၀၂၃ ပြိုင်ပွဲတွင်လည်း ယူကရိန်းနိုင်ငံသာ ဗိုလ်စွဲရန်ကြိုးစားသွားမည်ဖြစ်ပြီး ထိုမှသာ ၂၀၂၄ ပြိုင်ပွဲကို အေးချမ်းသည့်နိုင်ငံတစ်နိုင်ငံတွင် ကျင်းပနိုင်မည်ဟု ယူကရိန်းအဖွဲ့က ဆိုသည်။

အိမ်ရှင်အဖြစ်ကျင်းပခွင့်ကို ဗြိတိန်က လွှဲယူလိုက်သကဲ့သို့ ပြိုင်ပွဲထုတ်လွှင့်ပြသခွင့်ကိုလည်း BBC က ရရှိထားသည်။

ဗြိတိန်သည် Eurovision ပြိုင်ပွဲကို ရှစ်ကြိမ်တိုင် ကျင်းပခွင့်ရခဲ့ပြီး လေးကြိမ်က အခြားနိုင်ငံများကိုယ်စား ကျင်းပခွင့်လွှဲယူခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးအကြိမ် ကျင်းပခဲ့သည့်အချိန်မှာ ၁၉၉၈ ခုနှစ်တွင် ဖြစ်သည်။

၂၀၂၃ ပြိုင်ပွဲကို ဗြိတိန်၏မည်သည့်မြို့တွင် ကျင်းပဖြစ်မည်ကို မသိရသေးဘဲ ယခုသီတင်းပတ်မှာပင်  မြို့ရွေးချယ်ရေး စတင်တော့မည်ဖြစ်သည်။ ဂလက်စ်ဂိုး၊ မန်ချက်စတာ၊ ရှက်ဖီးနှင့် လန်ဒန်မြို့များက ကျင်းပခွင့်ရရေး စိတ်ဝင်စားနေကြသည်။

Eurovision ပြိုင်ပွဲကို ၁၉၅၆ ခုနှစ်ကတည်းက EBU မှ ကြီးမှူးကျင်းပလာခဲ့ခြင်းဖြစ်ကာ EBU အဆိုအရ ၂၀၂၂ ပြိုင်ပွဲကို ရုပ်သံနှင့် အွန်လိုင်းတွင် ကြည့်ရှုသူ သန်း ၁၈၀ ကျော်ရှိခဲ့သည်။


READ NEXT
Cancel OK