Top News

မျက်နှာတစ်ခြမ်းလေဖြတ်သည့်ဝေဒနာကြောင့် ရွှေ့ဆိုင်းထားခဲ့သည့် ကမ္ဘာလှည့်ဖျော်ဖြေပွဲများကို ဂျက်စတင်ဘီဘာ ပြန်ပြုလုပ်တော့မည်
24htopnews | April 13, 2024 1:12 PM CST

မျက်နှာတစ်ခြမ်းလေဖြတ်သွားပြီး နောက် ကမ္ဘာလှည့်ဖျော်ဖြေပွဲများကို နောက်ဆုတ်လိုက်ရသည့် ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာက ဇူလိုင် ၃၁ ရက်တွင် အီတလီ၌ စတင်ဖျော်ဖြေတော့မည်ဖြစ်သည်။

ပြီးခဲ့သည့်ဇွန်တွင် ဗိုင်းရပ်စ်တစ်မျိုးကြောင့် Ramsay Hunt Syndrome ခေါ် မျက်နှာတစ်ခြမ်း လေဖြတ်သည့်ဝေဒနာကို ခံစားလာရပြီးနောက် ဘီဘာက မြောက်အမေရိကတွင်ဖျော်ဖြေမည့် ပွဲအချို့ကို ရွှေ့ဆိုင်းခဲ့သည်။

ယခုအီတလီရှိ Lucca Summer ပွဲတော်တွင် ဖျော်ဖြေတော့မည်ဖြစ်ကာ သြဂုတ်တွင် ဥရောပ၌ ဖျော်ဖြေပွဲငါးရက် ပြုလုပ်မည် ဖြစ်သည်။ ထို့နောက်စက်တင်ဘာတွင် တောင်အမေရိက၊ ထိုမှတစ်ဆင့် တောင်အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အာရှ၊ သြစတြေးလျနှင့် နယူးဇီလန်တို့တွင် လှည့်လည်ဖျော်ဖြေသွားမည်ဖြစ်သည်။

၎င်းနေရာများပြီးပါက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှ မတ်အထိ ဘီဘာက ဥရောပတွင် ထပ်မံဖျော်ဖြေပေးမည်ဖြစ်သည်။

စင်ကာပူရှိုးပွဲကို အောက်တိုဘာ ၂၅ ရက်$စီစဉ်ထားပြီး၊ ရွှေ့ဆိုင်းခဲ့သည့် မြောက်အမေရိကရှိုးပွဲများကိုမူ ဘီဘာက ကျင်းပမည့် နေ့ရက်သစ် ထပ်မကြေညာသေးပေ။

Justice World Tour ကို ၂၀၂၀ ခုနှစ်၊ မတ်ကတည်းက စီစဉ်ခဲ့ကြသော်လည်း ကိုဗစ်ကြောင့် နှစ်ကြိမ်တိုင်နောက်ဆုတ်ခဲ့ရသည်။ ဘီဘာနောက်ဆုံးကမ္ဘာလှည့်ဖျော်ဖြေထားချိန်က ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်ကဖြစ်သည်။

ဇွန်လက ရှိုးပွဲများနောက်ဆုတ်လိုက်သည့် အကြောင်းရင်းကို ရှင်းပြထားသည့် ဗီဒီယိုထဲတွင် ဘီဘာက ၎င်း၏မျက်နှာညာဘက်ခြမ်း လေဖြတ်သွားကြောင်း၊ ညာဘက် မျက်လုံးလည်း မျက်တောင်ခတ်မရတော့ကြောင်း၊ ပြုံး၍လည်းမရကြောင်း လက်တွေ့ပြသခဲ့သည်။

“ပြန်ကောင်းလာမှာပါ။ ပုံမှန်ပြန်ဖြစ်အောင်လို့ မျက်နှာလေ့ကျင့်ခန်းတွေလည်း လုပ်နေပါတယ်။ အချိန်တော့လိုတယ်။ ဘယ်လောက်ကြာမလဲပဲ မသိတာ”ဟုလည်း ဘီဘာက ပြောခဲ့သည်။

ပြီးခဲ့သည့်မတ်တွင် ဘီဘာ၏ဇနီးဟေလီဘီဘာလည်း လေဖြတ်သည့်လက္ခဏာများ ယာယီခံစားခဲ့ရပြီး ထိုသို့ခံစားနေရသည့် အချိန်သည် ဘဝတွင်ကြောက်စရာအကောင်းဆုံးအချိန်ဟု ဟေလီကဖွင့်ဟခဲ့သည်။


READ NEXT
Cancel OK