Top News

မေ ၂၈ ရက်တွင်ထွက်ရှိမည့် သည်းထိတ်ရင်ဖိုရုပ်ရှင်ဇာတ်ကား A Quiet Place Part II ကို Paramount+ အွန်လိုင်းရုပ်သံလိုင်းတွင် ထုတ်လွှင့်မည်
24htopnews | April 11, 2024 4:12 AM CST

မေ ၂၈ ရက်တွင် ထွက်ရှိလာမည့် ထိတ်လန့်သည်းဖို ဇာတ်ကား A Quiet Place Part II ကို အမေရိကန်အွန်လိုင်းရုပ်သံလိုင်း Paramount+ တွင် ထုတ်လွှင့်မည် ဖြစ်သည်။

၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့သော A Quiet Place ရုပ်ရှင်၏ နောက်ဆက်တွဲဇာတ်ကားဖြစ်သည့် A Quiet Place Part II ကို ၂၀၂၀ ပြည့်နှစ် မတ် ၈ ရက်တွင် နယူးယောက်ရှိ အနုပညာတင်ဆက်ဖျော်ဖြေရေးဗဟိုဌာန Lincoln Center တွင် ပွဲဦးထွက်ပြသခဲ့ပြီး ၂၀၂၁ မေ ၂၈ ရက်တွင် အမေရိကန်နိုင်ငံ တစ်ဝန်းရှိရုပ်ရှင်ရုံများ၌ ပြသတော့မည်ဖြစ်သည်။ ရုံတင်ပြသပြီးနောက်မှသာ ယင်းဇာတ်ကားကို Paramount+ ရုပ်သံလိုင်းတွင် ၄၅ ရက်ကြာ ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

A Quiet Place Part II ဇာတ်ကားကို ၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်တွင် နိုင်ငံတကာ ရုပ်ရှင်ရုံများ၌ ပြသရန် စီစဉ်ထားခဲ့သော်လည်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ရုပ်သံလိုင်း၌ထုတ်လွှင့်ပြသမည့်ရက်ကိုလည်း လေးကြိမ်ရွှေ့ဆိုင်းခဲ့ရသည်။

ဒါရိုက်တာ John Krasinski ရိုက်ကူးထားသော A Quiet Place Part II တွင် ပထမဇာတ်ကား A Quiet Place ထဲမှ ဇာတ်ကောင်များ ပြန်လည်ပါဝင်ပြီး မင်းသမီး Emily Blunt ၊ Millicent Simmonds နှင့် Noah Jupe တို့ သရုပ်ဆောင်ထားသည်။

အမြင်အာရုံမရှိသော်လည်း အကြားအာရုံအလွန်ကောင်းသည့် ထူးဆန်းသော မကောင်းဆိုးဝါးတစ်ကောင်၏ ရက်ရက်စက်စက်သတ်ဖြတ်တိုက်ခိုက်မှုကို Abbott မိသားစုဝင်များ နေအိမ်အတွင်း၌ ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း Abbott မိသားစုသည် တိတ်ဆိတ်ငြိမ်သက်မှုအတွင်း အသက်ဆက်ရှင်နိုင်ရေးအတွက် ကြိုးပမ်းကြရဦးမည်ဖြစ် သည်။ ပြင်ပကမ္ဘာ၏ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာများကို မဖြစ်မနေရင်ဆိုင်ရချိန်၌ မကောင်းဆိုးဝါးသတ္တဝါနှင့် ပတ်သက်သော မသိရှိရသေးသည့်အကြောင်းအရာကို အရဲစွန့်ရှာဖွေရင်း Abbott မိသားစုတွေ့ရှိသွား သည့်အချက်မှာ အသံထွက်ရာနေရာ၌ ရက်စက်ကြမ်းကြုတ်မှုများ လုပ်ဆောင်လေ့ရှိသော မကောင်းဆိုးဝါးသတ္တဝါများသည် အခြားသော နေရာဒေသတွင်ပါ ပုန်းခိုနေနိုင်သည်ဆိုသည့် အချက်ဖြစ်သည်။

ထူးဆန်းသော သတ္တဝါများ၏ ပိုမိုပြင်းထန်လာသော ရက်စက်ကြမ်းကြုတ်မှု အန္တရာယ်အား Abbott မိသားစု မည်သို့ ရင်ဆိုင်ကြမည်ကို A Quiet Place Part II တွင် ရိုက်ကူးတင်ဆက်ပေးထားသည်။

A Quiet Place Part II ဇာတ်ကားကို အမေရိကန်နှင့်ကနေဒါရှိရုပ်ရှင်ရုံများ၌ စတင်ရုံတင်ပြသမည့် မေ ၂၈ ရက်မှ သီတင်းတစ်ပတ်တာကာလအတွင်း ယင်းဇာတ်ကားသည် ဝင်ငွေဒေါ်လာသန်း ၃၀ မှ သန်း ၅၀ အကြား ရရှိလိမ့်မည်ဖြစ်ကာ ထိုနှစ်နိုင်ငံရှိ ရုပ်ရှင်ရုံများရုံတင်ပြသမှုမှ စုစုပေါင်းဝင်ငွေဒေါ်လာ ၇၅ သန်းမှ ၁၂၅ သန်း အကြား ရရှိလိမ့်မည်ဟု Boxoffice Pro က ခန့်မှန်းထားသည်။


READ NEXT
Cancel OK