Top News

ပရဟိတမင်းသမီး ခိုင်နှင်းဝေနှင့် တွေ့ဆုံခြင်း
24htopnews | April 11, 2024 4:12 AM CST

ပရဟိတမင်းသမီးဆိုပြီး လူသိများတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေမှ ခိုင်နှင်းဝေ ပရဟိတအမည်နဲ့ ကလေးငယ်များကို စောင့်ရှောက်ခြင်း၊ ပရဟိတ အလှူများကိုလုပ်ခြင်းဖြင့် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ခိုင်နှင်းဝေပရဟိတ ဖြစ်ပေါ်လာပုံနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ပရဟိတလုပ်ငန်းတွေ အကြောင်းကို သရုပ်ဆောင်ခိုင်နှင်းဝေက အခုလိုပြောပါတယ်။

မေး - အခုလက်ရှိ ခိုင်နှင်းဝေ ပရဟိတမှာ ကလေးဘယ်နှယောက်လောက်ရှိလဲ။

ဖြေ - စုစုပေါင်း ၄၉ ယောက် ရှိပါတယ်။ ကြွက်ကိုက်သွားတဲ့ ကလေးလေးက ဆေးရုံမှာ တစ်ယောက်ရှိတယ်ဆိုတော့ စုစုပေါင်း ၅၀ ရှိတယ်။  အကြီးဆုံးကလေးက အသက်နှစ်နှစ်ကျော်ပြီ။

မေး - ပရဟိတအလုပ်လုပ်ဖြစ်ခဲ့ပုံကို ပြန်ပြောပြပေးပါလား။

ဖြေ - လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကပါ။ ရေဘေးမှာစပြီး အလှူတွေသွားကြရင်းနဲ့ စလုပ်ဖြစ်တယ်။ ကလေးတွေမွေးတာကကျတော့ အဓိကသနားတာရော၊ ကိုယ်ချင်းစာတာရောပါ။ တော်တော်လေး  ပင်ပန်းပြီး အခက်အခဲတွေကို ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်မ မိခင်ကိုယ်တိုင်ကလည်း ကျွန်မကို Single Mom တစ်ယောက် အနေနဲ ့ မွေးလာတာဆိုတော့ စိတ်ထဲမှာ ကလေးတွေကို ကိုယ်ချင်းစာစိတ်ချစ်တဲ့ စိတ်ပိုရှိတယ်။ ပရဟိတကိုလုပ်တာ နာမည်ကြီးချင်လို့လည်းမဟုတ်ပါဘူး။ နာမည်ကြီးချင်တဲ့စိတ်နဲ့ လုပ်လို့လည်းမရဘူး။ အရမ်းပင်ပန်းပါတယ်။အခုလက်ရှိ ဂေဟာမှာ တစ်လကို ဝန်ထမ်းစရိတ်ချည်းပဲ သိန်း ၃၀ လောက်ရှိပါတယ်။ ဝန်ထမ်းက ၁၆ ယောက်ပါ။ ကလေးတွေရဲ့ ကျန်းမာရေး အစားသောက် အဝတ်အထည်စရိတ်တွေမပါသေးဘူး။ အလှူရှင်တွေရှိတဲ့ ရက်ရှိသလို အလှူရှင်တွေမရှိတဲ့အခါများတွေလည်း ရှိပါတယ်။  နောက်ပြီး အလှူတွေလုပ်တဲ့အခါ အခက်အခဲဖြစ်တဲ့ နေရာဒေသအနီးအဝေးကို ကိုယ်တိုင်သွားရပါတယ်။ အလှူရှင်တွေအတွက် ကိုယ်တိုင်ရှေ့ထွက်ပြီး လှူပေးတော့ အလှူရှင်တွေပိုပြီး ပီတိဖြစ်တာပေါ့။

မေး - တစ်ရက်တည်း ကလေးသုံးယောက်မွေးစားတဲ့ အကြောင်းပြောပြပါလား။

ဖြေ - ရခိုင်ကလေးက မွေးကတည်းက မွေးပေးဖို ့ပြောထားပြီးသားပါ။ ၄၅ ရက်ပြည့်မှ ကလေးက ခရီးလာလို့ အဆင်ပြေမှာဖြစ်တဲ့အတွက် ၄၅ ရက်ပြည့်လို့ ကလေးကို လေယာဉ်ကွင်းမှာ သွားခေါ်တုန်း စစ်ဆေးရုံက  ဖုန်းဆက်လာပါတယ်။ ကလေးရဲ့ အဖေနဲ့အမေက ကလေးကိုပစ်သွားတယ်။ ဒီကလေးကို မခိုင်နှင်းဝေ ဆက်မွေးပေးပါလို့ ဆရာဝန်ကြီးတွေက ပြောလာတော့ လက်ခံလိုက်ရပါတယ်။ အဲဒီချိန်မှာပဲ နောက်ထပ် ဖုန်းဝင်လာတယ်။ သူက မြစ်ကြီးနားကလာတာ သူ့အမေက ရူးကြောင်ကြောင်နဲ ့ အဆောင်မှာ ကလေးကို ထားသွားတာ။ ပြန်မလာတော့ဘူး။ အဲဒီအဆောင်ကလူတွေက ကျွန်မဆီဖုန်းဆက်တယ်။ မိန်းကလေးဆိုတော့ ကျွန်မက မွေးစားဖို့လက်ခံခဲ့တာပါ။ ဒါနဲ့ပဲ တစ်ရက်တည်းမှာ ကလေးသုံးယောက် ဖြစ်သွားတယ်။

မေး - ကလေးတွေရဲ့ တာဝန်တွေကို ဘယ်လိုယူပြီး ဖြတ်သန်းနေလဲ။

ဖြေ - တစ်ခုကံကောင်းတာက ကိုယ်တိုင်က မင်းသမီးဖြစ်နေတော့ ကြော်ငြာတွေလာတာပေါ့နော်။ နို့မှုန့် ကလေးဆေး၊ ကလေးအသုံးအဆောင် ပစ္စည်းတွေဆိုရင် ကြော်ငြာခမယူဘဲ ရိုက်ပေးတယ်။ ကလေးတွေအတွက် ခြောက်လစာ၊ တစ်နှစ်စာ ပစ္စည်းဆေးပံ့ပိုးပေးရင်ရပြီပေါ့နော်။ အဲဒီလို သဘောမျိုးနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးခဲ့ပါတယ်။ ဝန်ထမ်းစရိတ်၊အိမ်ငှားခ၊ကလေးတွေအတွက် ဖြည့်စွက်စာ၊ ဆေးဖိုး အဲဒါအခက်အခဲဖြစ်ပါတယ်။ အဓိက ကလေးတွေရဲ့ ဆေးဖိုးပေါ့။ ဟိုတစ်လောက ဒလကခေါ်လာတဲ့  ကလေးဆိုရင် ၂ ပေါင် ၃ အောင်စ ပဲရှိတယ်။ အမှိုက်ပုံမှာ ချက်ကြိုးတန်းလန်းနဲ့ ပစ်သွားတာ။ အဲဒီကလေးကချက်မှာ ပိုးတွေဝင်တာပေါ့။ အဲဒီကလေးကို ခေါ်လာတော့ ဆရာဝန်က နာရီဝက်ပဲ အသက်ရှင်တော့မယ်လို့ ပြောတယ်။ ဆေးရုံတင်ထားလိုက်တယ်။ အခုတော့ အဲဒီကလေးက ပြန်ကောင်းပြီး  ဂေဟာပြန်ရောက်နေပါပြီ။ နောက်တစ်ယောက်က အာကြီးဆိုတဲ့ကလေး။မေးရိုးမပါတဲ့ ကလေးပါ။ မွေးမွေးပြီးခြင်း သုံးရက်တည်းနဲ့ ရောက်လာတာ၊ အခုဆို လေးလပြည့်တော့မယ်။အဲဒီကလေးအတွက် ခွဲစိတ်ကုသဖို့ လုပ်ထားပါတယ်။ ကလေးခြောက်လပြည့်ရင် လုပ်လို့ရမယ်ဆိုလို့စောင့်နေတာပါ။ အခုလက်ရှိမှာက အလှူရှင်တွေ နည်းနေတဲ့အခါဆိုတော့စုထားတဲ့ အလှူငွေတွေနဲ့ ချွေတာသုံးရပါတယ်။

မေး - ကလေးပဲ မွေးစားပေးတာလား။ ကိုယ်ဝန်ဆောင် မိခင်တွေကိုရော မွေးပေးလား။

ဖြေ - မွေးပေးပါတယ်။ဂေဟာဖုန်းကိုဆက်ပြီး ကလေးမွေးဖို့ အခက်အခဲရှိတဲ့သူတွေကို အမျိုးသမီးဆေးရုံနဲ့ ချိတ်ဆက်ပြီး baby ခိုင်နှင်းဝေ နာမည်နဲ့ ကလေးတွေမွေးပေးပါတယ်။

မေး - အခု လက်ရှိမှာလည်း အလှူတွေလိုက်လှူနေတာတွေရတော့ အလှူရှင်တွေရှိလား။ ကိုယ်တိုင် ငွေနဲ ့လှူနေတာလား။

ဖြေ - တစ်လတစ်ခါ ပုံမှန်လှူဖြစ်ပါတယ်။ ဂေဟာဖုန်းကိုဆက်ပြီး အလှူခံတဲ့နေရာတွေကို စုံစမ်းပြီးသွားလှူပါတယ်။ အလှူရှင်တွေက ငွေအင်အား၊ ပစ္စည်းအင်အားပါဝင်ကြတာတွေ ရှိပါတယ်။ အလှူရှင်မရှိတဲ့ လတွေဆိုရင် ကလေးတွေ ကျောင်းတက်ဖို ့ ကားဝယ်ဖို့စုထားတဲ့ ပိုက်ဆံတွေထဲက လှူပါတယ်။ ကားကိုတော့ပြီးမှပဲအရစ်ကျနဲ ့ပြန်ဝယ်တော့မယ်ပေါ့။ နောက်ပြီး ဘယ်တော့မှာ လိုက်အလှူမခံပါဘူး။ ကိုယ်တိုင်က မင်းသမီးတစ်ယောက်ဖြစ်တဲ့အတွက် အလှူခံတာမျိုး မလုပ်ပါဘူး။ လှူနေတာတွေတွေ့ပြီး လာလှူကြတာတွေတော့ရှိပါတယ်။


READ NEXT
Cancel OK