Top News

မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
24htopnews | January 22, 2025 10:12 AM CST

မြန်မာနိုင်ငံတွင် ပြီးပြည့်စုံသော ဒီမိုကရေစီကို အသွင်ကူးပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ဖြည့်စွက်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Nikkei Asian Review နှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။

ဂျပန်ဧကရာဇ် နာရူဟီတို၏ နန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်က တိုကျိုသို့ ရောက်ရှိခဲ့စဉ် မိနစ် ၃၀ ကြာမြင့်ခဲ့သည့် ထိုအင်တာဗျူးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  မြန်မာနိုင်ငံတွင် ဘင်္ဂါလီ (အင်တာဗျူးတွင် ရိုဟင်ဂျာဟု ဖော်ပြထား။) မွတ်စလင်များအား ဖြိုခွင်းမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ယင်းသည် အကြမ်းဖက် တိုက်ခိုက်မှုအား တုံ့ပြန်မှုသာ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ ရခိုင်ပြည်နယ်တွင် ပြဿနာ ဖန်တီးနေသော အကြမ်းဖက် အင်အားစုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်မှု မရှိသလောက် နည်းပါးနေခြင်းကို မိမိတို့က စိတ်ပျက်မိကြောင်း မြန်မာနိုင်ငံ အနောက်တောင်ဘက်ရှိ ပြည်နယ်ကို ရည်ညွှန်း၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လူ့အခွင့်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်မှုများကို မိမိတို့ နားလည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမှန်တကယ်တွင် မြန်မာ့လွှတ်တော်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအတွက် အမတ်နေရာ ၂၅ ရာခိုင်နှုန်း ခွဲဝေပေးထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် အပိုဒ်တစ်ခုကြောင့် တပ်မတော်က ကြီးမားသော အာဏာကို ယူထားဆဲဖြစ်သည်။ ထိုအပိုဒ်အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ဖြည့်စွက်မှုကို ပယ်ချရန် တပ်မတော်တွင် တားဆီးပိတ်ပင်ခွင့် ရှိသကဲ့သို့ ဖြစ်နေသဖြင့် ယင်းကဲ့သို့ ပြင်ဆင်ဖြည့်စွက်မှုကို လုပ်ဆောင်နိုင်ရန် အလားအလာကို သံသယရှိနေကြသည်။  

ပြီးပြည့်စုံသော ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ထိုအပိုဒ်အပြင် အခြားအပိုင်းများကို ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ဖြည့်စွက်ရန်အတွက် ဆွေးနွေးရန် ပါလီမန်တွင် ပူးတွဲကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သော်လည်း တပ်မတော်သည် ယင်းကဲ့သို့ လုပ်ဆောင်ရန် အလွန်အမင်း စိတ်အားထက်သန်နေခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မိမိတို့ အနိုင်ရခဲ့လျှင် လာမည့်သက်တမ်းအတွင်း ထိုပြင်ဆင်ရေး ကိစ္စကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

လာမည့်နှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်မှုဆိုင်ရာ ကိစ္စများ ဆောင်ရွက်နိုင်ရန် မိမိတို့၏ စွမ်းဆောင်ရည်အတွက် လာမည့်ရွေးကောက်ပွဲကို အခြေပြုသွားမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်တွင် မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ဘင်္ဂါလီမွတ်စလင် အများအပြား အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ယင်းသည် လူတစ်ချို့က ဖန်တီးရန် ကြိုးပမ်းနေသော ဘာသာရေးဆိုင်ရာ ကိစ္စရပ်တစ်ခု မဟုတ်ဘဲ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် မတ်တွင် အာဏာယူခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်၌ မတည်ငြိမ်မှုများကို မိမိ၏ အစိုးရအဖွဲ့က သိရှိထားပြီး ဖြစ်ကြောင်းနှင့် အကြံပေးကော်မရှင်ကို ကြီးကြပ်ရန်အတွက် ယခုအခါ ကွယ်လွန်သွားပြီဖြစ်သော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ခန့်အပ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ကိုဖီအာနန်၏ ကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် ထိုနယ်မြေရှင်းလင်းသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးကို မလိုလားသော၊ ပြဿနာများအား ဖြေရှင်းရန်ကို မလိုလားသော အစွန်းရောက် အင်အားစုများ ရှိနေသည်ဟု မိမိတို့က ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင် ပြဿနာနှင့် ပတ်သက်၍ မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားထိပ်တန်း တာဝန်ရှိသူများအား အမေရိကန်က ပြီးခဲ့သော ဇူလိုင်တွင် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ အမေရိကန်၊ ဥရောပတို့နှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများကို ချဲ့ထွင်ရန်အတွက် အဖြေရှာရန် လိုအပ်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က  မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် လိုအပ်ချက်ကြောင့်သာမက အခြားမည်သည့် နိုင်ငံနှင့်မဆို စီးပွားရေးဆိုင်ရာ ဆက်ဆံမှု တိုးမြှင့်ရန်အတွက်ပါ ထိုပြဿနာကို ဖြေရှင်းရန် မိမိတို့က လိုလားကြောင်း တုံ့ပြန်ခဲ့သည်။

ဘင်္ဂါလီမွတ်စလင်အရေးကြောင့် အမေရိကန်၏ ရုတ်တရက် နောက်ပြန်လှည့်မှု ကြုံရစဉ် မြန်မာသည် အိမ်နီးချင်း အင်အားကြီး တရုတ်နှင့် ဆက်ဆံရေးကို ပိုမိုအာရုံစိုက်ရန် ဖြစ်စေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က တရုတ်၏ သြဇာလွှမ်းမိုးမှု မြင့်တက်လာခြင်းအား မှိန်ချသွားခဲ့ပြီး မြန်မာနိုင်ငံသည် တရုတ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းသွားလိုကြောင်း၊ ကြားနေမူဝါဒကို ဆက်လက်ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။

မည်သည့်ရင်းနှီးမြှုပ်နှံမှုမဆို အပြန်အလှန် အကျိုးစီးပွားများ ရရှိသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အနားယူရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့တွင် အစီအစဉ် အများအပြား ရှိကြောင်း၊ အနာဂတ်အတွက် အစီအစဉ် တစ်ခုတည်းအပေါ် မှီခိုမနေနိုင်ကြောင်း ဖြေကြားခဲ့သည်။


READ NEXT
Cancel OK