Top News

တစ်နေ့ ခွဲရမယ့်အရာတွေ
24htopnews | January 21, 2025 10:12 AM CST

ခွဲခွွာခြင်းဆိုတဲ့ ခံစားမှုကို လူသားတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေ့ရမှာက အသေအချာပါ။ အဲဒီအရာကြီးက ခံစားရတာ တကယ့်ကို ဆိုးတာ။ သူက ရှင်ကွဲနဲ့ သေကွဲဆိုပြီး နှစ်မျိုး ဖြာထွက်လာပြန်တယ်။ အဲဒီ အရာနှစ်မျိုးမှာ ရှင်ကွဲမှာလည်း ခံစားရသလို သေကွဲဆိုတာကြီးကလည်း တကယ်ပဲ ဆိုး ရွားလွန်းလှပါတယ်လေ။ ကိုယ့်ရဲ့ဘဝမှာလည်း အဲဒီ နှစ်မျိုးစလုံးကို ခံစားခဲ့ရဖူးတယ်။ ပထမဆုံး ကြုံတွေ့ခံစားရတာက သေကွဲနဲ့ ကြုံရတာ။ အဲဒါကတော့ အစ်ကိုအကြီးဆုံး ဆုံးတုန်းကပေါ့။ အစ်ကိုအကြီးဆိုတာ ကိုယ်တို့ မိသားစုရဲ့ အဝေးရပ်မှာနေသူ။ အဲဒီ အချိန်က ကိုယ်က တောင်တွင်းကြီးဆိုတဲ့ နယ်မြို့လေးတစ်မြို့မှာနေတာ။ အစ်ကိုကြီးက ရန်ကုန်မှာနေတာ။ ရန်ကုန်နဲ့ တောင် တွင်းကြီးဆိုတာ မိုင် ၃၀၀ နီးပါးဝေးတဲ့ အရပ်။ သွားဖို့ဆိုတာ အတော်လေးဝေးတာ။ ပိုပြီးဆိုတာက အဲဒီအချိန်တုန်းက အခုခေတ် လို ကားတွွေကလည်း မပေါများသေးချိန်။ အဲဒါကြောင့်လည်း ရန်ကုန်ဆိုတဲ့ နေရာကို တစ်နှစ်တစ်ခေါက်ဆိုတာတောင် ရောက် ဖြစ်ခဲပါတယ်လေ။ ကိုယ်မရောက်ဖြစ်သလို အစ်ကိုကလည်း ရန်ကုန်ကနေ တစ်နှစ်နေ လို့ တစ်ခါတောင် ပြန်မလာဖြစ်ဘူး။ ဆို တော့ ညီအစ်ကိုတွေက သုံးလေးနှစ်နေမှ တစ်ခါလောက်သာ ဆုံဖြစ်ကြတာ။

ကိုယ် ၁၀ တန်းတက်မယ့်နှစ်မှာ မွေး ရပ်မြေ တောင်တွင်းကြီးကနေ ရန်ကုန်က အစ်ကိုအိမ်မှာလာနေဖို့ အကြောင်းက ဖန် လာတယ်။ အစ်ကိုက နွေရာသီမှာ သူ့အိမ်မှာ နေပြီး နွေရာသီအကြို ၁ဝတန်းစာကိုတက် ဖို့ ခေါ်လိုက်တာပါ။ ကိုယ့်မှာ ပျော်ရပြီလေ။ ကိုယ်တွေ့ချင်နေတဲ့ အစ်ကိုနဲ့ နေခွင့်ရပြီ။ အဲဒီလိုနဲ့ ရန်ကုန်က အစ်ကိုအိမ်ကိုရောက်ပြီး အစ်ကိုနဲ့ နေခွင့်ရခဲ့တယ်။ ဒါပေမဲ့ ကိုယ် ရန် ကုန်ကိုရောက်ပြီး လပိုင်းအတွင်းမှာပဲ အစ် ကိုဟာ ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ ဘဝသစ်ကို ပြောင်းသွားခဲ့တယ်။ ကိုယ့်မှာ လေ ဖြေမဆည်နိုင်တွေကို ဖြစ်ရလို့။ အနှစ် နှစ် အလလက လွမ်းခဲ့ရတဲ့ အစ်ကိုနဲ့အတူ နေမယ်ကြံကာရှိသေး အစ်ကိုက ရုတ်တရက် ကြီး ခွဲသွားခဲ့ပြီလေ။ သေခြင်းတရားဆိုတာ လူသားတိုင်း လွန်ဆန်လို့ မရနိုင်မှန်းသိပေမဲ့ အစ်ကိုသေတာက စောလွန်းတယ်လို့ ခံစား ရတယ်။ ဟုတ်တယ်လေ။ သူသေဆုံးတော့ အသက်က ၄၀ စွန်းစွန်းလေးပဲ ရှိသေးတယ်။အစ်ကိုသေဆုံးတော့ အစ်ကို့မိန်းမ (မရီး) ကို စိတ်တိုနေမိတာ။ ဟုတ်တယ်လေ အစ်ကိုက သွေးတိုးရောဂါရှိတာကို သိလျက် ငါးပိရည်၊ ငါးသလောက်ပေါင်းနဲ့တို့စရာက တညင်းသီး နဲ့ ဆူးပုတ်ရွက်တွေကို ကျွေးသတဲ့။ မသေဘဲ နေပါတော့မလား။ အဲဒါက သွေးတိုးစာတွေ လေ။ ပင်ကိုဓာတ်ခံရှိတဲ့ အစ်ကိုဟာ သွေး တိုးစာတွေစားပြီး လောကကြီးထဲကနေ စော စီးစွာ ထွက်ခွာသွားခဲ့ရတယ်။

အစ်ကို သေပြီး အချိန်အတန်ကြာတဲ့ အထိ စိတ်တိုပြီး စကားမပြောဘဲ နေခဲ့မိတာ။ နောက်ပိုင်းမှာမှ အစ်ကိုရဲ့ကျေးဇူးတွေနဲ့ တူ၊ တူမတွေရဲ့ သံယောဇဉ်ကြောင့် ပြန်ပြီးစကား ပြောဖြစ်ခဲ့တာ။ ထားတော့ ပြောချင်တာက ကိုယ့်ဘဝမှာ သေကွဲဆိုတာ အရင်ဦးဆုံး ကြုံ ခဲ့ရ ခံစားခဲ့ရဖူးတာကို ပြောလိုတာ။

သေကွဲပဲ ကြုံရပြီး ရှင်ကွဲကျတော့ရော မကြုံရဘူးလားဆိုတော့ ကြုံခဲ့ရတာပေါ့။ ရှင် ကွဲကွဲရလို့ ခံစားရတာတွေကလည်း အသည်းထဲ ဆူးအကြီးတစ်ချောင်း စူးဝင်လိုက်သလိုပဲ နာနာကျင်ကျင်ကြီးကို ခံစားရတာ။ မှတ်မိသေးတယ်။ အဲဒီနေ့က ကိုးတန်းစာမေးပွဲ ဖြေပြီးတဲ့နေ့မှာ ရန်ကုန်မှာနေတဲ့  အစ်ကို ကြီးက ဖုန်းဆက်လာတယ်။ ညီလေး ကိုး တန်းစာမေးပွဲကြီးပြီးရင် နွေရာသီတစ်ခုလုံး ရန်ကုန်မှာ လာနေပြီး ၁ဝတန်းသင်ခန်းစာ တွေကို သင်ရမယ်တဲ့။ ရန်ကုန်ဆိုတာ ကိုယ် အရောက်ချင်ဆုံးနေရာ။ ပြီးတော့ အစ်ကို ကြီးအိမ်မှာ နေရမယ်ဆိုတော့ မ ပျော်ရွှင်ဘဲ နေတော့မလား။ ငါရန်ကုန်ကို သွားရတော့ မယ်ဆိုပြီး သူငယ်ချင်းတွေကို ကြွားရတာ လည်း မဆုံး။ ရန်ကုန်ကို မသွားခင်ကတည်း က ဖင်က တကြွကြွ နဲ့ကို ဖြစ်နေတာ။ ဒါပေမဲ့ တကယ်တမ်း ရန်ကုန်ဆိုတဲ့နေရာကို ရောက် တဲ့အခါ အိမ်လွမ်းဒဏ်ကို လှိမ့်နေအောင်ကို ခံရတော့တာပဲ။ အဓိကအလွမ်းရဆုံးက အမေပေါ့။ ငယ်ငယ်လေးကထဲကနေ ၁၀ တန်းတက်တဲ့အရွယ်အထိကို အမေနဲ့က ခွဲ ပြီး မအိပ်ဖူးဘူး။ မအိပ်ခင်မှာ အမေ့ကို နင်း ပေးတယ်၊ ပြီးရင် အမေ့ကို တရားစာအုပ် လေးတွေ ဖတ်ပြတယ်။ အမေကလည်း သူ ငယ်ငယ်တုန်းက ကြုံရတဲ့အကြောင်းအရာ လေးတွေထဲက အတုယူစရာလေးတွေကို ပြောပြတယ်။ အမေ ပြောပြတဲ့အကြောင်း အရာလေးတွေထဲမှာ အခုခေတ်ကိုယ်တွေ ကြုံရတာတွေနဲ့ အရမ်းကြီးကွာနေပြီဆိုရင် ကိုယ့်မှာလေ ပါးစပ်အဟောင်းသားနဲ့ကို ဖြစ် ရတာ။ အဲဒီလိုပဲ ကိုယ်ပြောပြတဲ့အကြောင်း အရာလေးတွေထဲကလည်းအချို့အကြောင်း အရာလေးတွေကို ကိုယ်က ပြောပြရင် အမေ့ မှာလေ အထူးအဆန်းကို ဖြစ်နေလို့။ အဲဒီလို အကြောင်းအရာလေးတွေ ပြောပြပြီးရင် အမေ့ကို ဖက်ပြီး အိပ်လိုက်တော့တယ်။

ကိုယ်ငယ်ငယ်တုန်းက များဆိုရင် အမေက သူ့ရဲ့ လုံချည်ထဲမှာ ခါးအိပ်တယ်လို့ အမေက ပြောတယ်။ အချမ်းဒဏ် ကာကွယ် နိုင်အောင်လို့တဲ့။ ဟုတ်တယ်လေ အညာ ရဲ့ ရာသီဥတုက အတော်လေး ဆိုးတာ။ နေ့မှာ နေက အရမ်းပူသလို ညဆိုရင်လည်းအတော် လေး အေးတာ။ ပြောရရင် ကိုယ့်ဘဝ အချိန် အတော်များများကို အမေနဲ့ နေခဲ့ရတာ။ အမေနဲ့ ခွဲခွဲအိပ်တဲ့ညဆိုတာ မရှိဘူး။ အဲဒါ ကြောင့်လည်း အမေနဲ့ မိုင်ပေါင်းများစွာ အဝေးမှာနေချိန်မှာ အမေ့ကို အရမ်းကိုလွမ်း နေမိတာ။ အမေလည်း ကိုယ့်လိုပဲလွမ်းနေ မှာပဲလားဆိုပြီး တွေးလိုက်မိတော့ ချက်ချင်း တောင် အမေ့ဆီကို ပြေးတွေ့ချင်စိတ်က ဖြစ် ရသေးရဲ့။ ကိုယ်ကသာ စိတ်က မခိုင်တာ။အချိန်အတန်ကြာ စွဲလမ်းခဲ့တဲ့ ဆေးလိပ် ကြောင့် အမေ့ရဲ့ကျန်းမာရေး ဆိုးရွားလာ တယ်။ ဆရာဝန်က ဆေးလိပ်ဖြတ်မှ နေ ကောင်းမယ် ခပ်ဖြည်းဖြည်းလေး ဖြတ်ပေါ့လို့ ပြောပေမဲ့ အမေကတော့ ဆရာဝန် စပြောတဲ့ နေ့ကစပြီး ချက်ချင်းကို ဆေးလိပ်ကို တိကနဲ ကို ဖြတ်လိုက်တာ။ အထူးသဖြင့်ကတော့ အမေကတော့ သားသမီးဘဝ အဆင်ပြေမယ် ဆိုရင် စိတ်အတော်ခိုင်တာ။ ကိုယ်ငယ်စဉ်က အဖေက ဆုံးတယ်။အဲဒီအချိန်မှာ အစ်ကို ဘုန်းကြီးနှစ်ပါးက စာမေးပွဲဖြေနေချိန်။ သား တွေ စာမေးပွဲဖြေနေချိန်မှာ စိတ်အနှောင့် အယှက် ဖြစ်မှာစိုးလို့ အဖေ အသည်းအသန် ဖြစ်နေချိန်မှာတောင် သူ့သားဘုန်းကြီးတွေ ကို မပြောဘူး။ စာမေးပွဲပြီးပြီလို့ သိရမှ အ ကြောင်းကြားတယ်။ အဲဒီအချိန်မှာက ကိုယ့် အထက်က အစ်မနဲ့ အစ်ကိုကလည်း အရွယ် မရောက်သေးဘူး။ ပြောရရင် အိမ်ကတောင် သူလုပ်ငန်းတွေကို လုပ်ပေးမယ့် သူက မရှိ သေးချိန်။ အဲဒါကြောင့် ဘုန်းကြီးနှစ်ပါးလုံး က တစ်ပါးတော့ထွက်ပြီး တောင်သူအလုပ် ကို လုပ်ပေးမယ်လို့ ပြောလာတယ်။ ဒါပေမဲ့ အမေက လုံးဝ သဘောမတူဘူး။ တောင်သူ အလုပ်တွေ လုပ်ရလို့ အမေ မပင်ပန်းဘူး ဦး ဇင်းတို့နှစ်ပါးထဲက တစ်ပါးထွက်ရင်သာ မယ်တော် စိတ်ပင်ပန်းပြီး သေမှာတဲ့။ အဲဒီ လောက်အထိ သားသမီးတွေ အပေါ်မှာ ချစ် လွန်းလှတဲ့ အမေ အနစ်နာခံနိုင်တဲ့အမေ။

အဲဒီလို မေတ္တာတရားကြီးမားတဲ့ အမေ နဲ့ ရှင်ကွဲကွဲပြီး အဝေးရပ်မှာ နေရတာဆို တော့ ကိုယ့်မှာ အရမ်းကို လွမ်းရတာပေါ့။ အမေလည်း ဟန်ဆောင်ကာပဲ နေပေမဲ့ သူ့ သားထွေးလေး ကိုယ့်ကို လွမ်းမှာက အသေ အချာပါလေ၊ ပိုဆိုးတာက အဲဒီအချိန်ကအခု ခေတ်လို တယ်လီဖုန်းတွေကလည်း မပေါ များသေးချိန်။ အမေ့မှာလေ ရွာက လူကြုံ တိုင်း သားထွေးလေး နေကောင်းလား၊ အဆင်ကောပြေရဲ့လား မေးရတာ အခါခါ။ ကိုယ့်မှာလည်း အမေ နေကောင်းရဲ့လား အဆင်ကော ပြေရဲ့လား မေးရတာ လူကြုံ တိုင်းပဲ။ အဲဒီလို သံယောဇဉ်ကြီးမားလွန်းလှ တဲ့ သားအမိဟာ မိုင်ပေါင်းများစွာ ကွာဝေး တဲ့ အရပ်ဒေသမှာ လွမ်းဆွတ်မှုတွေနဲ့ နေ နေရတာ။ ကိုယ့်စိတ်ထဲမှာ နွေရာသီ သုံးလ ကျော်လွန်ပါစေလို့သာ ဆုတောင်းနေမိ တယ်။ ဒီကြားထဲမှာ ကိုယ်ချစ်ရတဲ့ အစ်ကို ကြီး အကြီးဆုံးက ဆုံးသွားရသေး။ ရှင်ကွဲနဲ့ သေကွဲကို ပြိုင်တူကို ခံစားလိုက်ရတာ။ အဲဒါ ကြောင့်လည်း သေလောက်အောင်ကို ခံစား ရတာ။ အမေလည်း ကိုယ့်လို ခံစားရမှာပဲလို့ တွေးမိတော့ မျက်ရည်တွေ တရဝေါ ကျဆင်း လာရတယ်။ ရှင်ကွဲကွဲရတဲ့ ဒုက္ခကလည်း မ သေးပါလားနော်။

အဲဒီလိုပဲ ကိုယ်ချစ်ခင်ရတဲ့ သူငယ်ချင်း တွေနဲ့လည်း ကိုဗစ်ဆိုတဲ့ အရာကြီးကြောင့် ကွဲကွာသွားခဲ့ရတယ်။ အချို့ဆိုရင် အပြင်မှာ ရော လိုင်းပေါ်မှာပါ ဆုံနေကြသူတွေ။ ဟော ကိုဗစ်ဆိုတဲ့ အရာကြီးက ခေါ်ဆောင်သွား ပြီဆိုတဲ့သတင်းကို ကြားရတော့ အံ့သြတကြီး နဲ့ ဟာကနဲဟင်ကနဲတွေကို ဖြစ်ရလို့။ သေ ခြင်းတရားကြီးဆိုတာ တစ်နေ့ ကြုံတွေ့လာ ရမယ်ဆိုတာ သိလျက်နဲ့ တကယ်လက်တွေ့ ရင်ဆိုင်ကြုံတွေ့လာရချိန်မှာတော့ ဖြေ မဆည်နိုင်အောင်ကို ဖြစ်ရတာ။ သူတို့ မိသားစုဝင်တွေလည်း ကိုယ့်လိုပဲ သေကွဲ ရော ရှင်ကွဲပါနှစ်မျိုးလုံး ခံစားရသူတွေ ဖြစ် မှာပါ။ သူငယ်ချင်းတစ်ယောက် သူ့ facebook စာမျက်နှာထက်မှာ ရေးထားတဲ့ စာ သားလေးကို သတိရမိသွားတယ်။ ကိုယ့်နေ ရာလေး အေးနေတာနဲ့ပဲ နွေကိုပူတယ်လို့ မထင်တော့ဘူးလားတဲ့။ အဲဒီစာသားလေးကို ဖတ်မိပြီး လက်ရှိကိုယ်ခံစားကြောက်ရွံ့နေမိ တဲ့ စိတ်လေးကိုတောင် ရှက်သလိုဖြစ်သွား ရတယ်။ ဟုတ်တယ်လေ။ အခုရက်ပိုင်းကိုယ် စိုးရိမ်နေမိတာက အမေ။ လောကသဘော အရ အများစုပေါ့ အသက်ကြီးသူက လော ကထဲကနေအပြီးတိုင် ထွက်ခွာသွားကြရ တာ။ အဲဒီတော့ အမေလည်း ကိုယ့်အရင် လောကကြီးထဲကနေ ထွက်ခွာသွားရင် ဆို တဲ့ အတွေးက စိတ်ကိုနှိပ်စက်နေမိတာ၊ စိုး ရိမ်သောက ရောက်နေမိတာ။

လောကထဲလိုက်ကြည့်ရင် ကိုယ်လိုပဲ ခံစားနေရတဲ့သူတွေက အများကြီးမှ တ ကယ့် အများကြီးပါလေ။ အဲဒီလိုလေး တွေး မိလိုက်တော့ ပူဆွေးနေရတဲ့ သောကတွေနဲ့ လွမ်းခဲ့ရတဲ့ အလွမ်းတွေဟာ ပြေလျော့သလို ဖြစ်သွားရတယ်။ တကယ်တော့ ရလာတဲ့ စည်းစိမ် ဥစ္စာတွေဆိုတာ တစ်နေ့ စွန့်လွှတ်ရ မယ့်အရာတွေ၊ ကြုံတွေ့လာသမျှ လူတွေ ဟာလည်း တစ်နေ့ ခွဲခွွာရမယ့် အရာတွေလို့ စိတ်က တွေးလိုက်မိရင် လမ်းခွဲရတာကို လည်း ဝမ်းနည်းစရာလို့မြင်မှာ မဟုတ်သလို လမ်းမခွဲခင်မှာလည်း လမ်းခွဲခြင်းအကြောင်း တွေ တွေးမိပြီး စိတ်သောကဖြစ်တာတွေ လျော့နည်းသွားသလိုတော့ ခံစားလိုက်မိ တယ်။  ဘာပဲဖြစ်ဖြစ် ထိစပ်ပတ်သက်သမျှ အရာတွေဟာ  တစ်နေ့မှာ ခွဲခွာရမယ့်သူတွေ ပါလေ။ မခွဲခွာခင်ကာလလေးမှာ ပူလောင် မှုတွေဖြစ်စေတဲ့ လောဘ ဒေါသ မောဟတွေ ကိုသာ လျော့နည်းအောင်လုပ်ရင်း  လမ်းခွဲရ တဲ့နေ့ရက်တွေအတွက် အကောင်းမွန်ဆုံး ပြင်ဆင်သင့်တယ်လို့တော့ တွေးမိတာပါပဲ လေ။


READ NEXT
Cancel OK