
အသက်ကိုးနှစ်မှ ၁၄ နှစ်အရွယ် ဆယ်ကျော်သက်မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ်မှစ၍ အခမဲ့ စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပုံမှန်အားဖြင့် နိုင်ငံတကာမှာအသက် ကိုးနှစ်က ၁၃ နှစ်အတွင်း မိန်းကလေးတွေကို ကာကွယ်ဆေးထိုးကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာထည့်ဖို့ လွန်ခဲ့တဲ့နှစ်တွေကတည်းက ကြိုတင်ပြင်ဆင်ဆွေးနွေးမှု တွေလုပ်ခဲ့ရတယ်။ ဆေးထိုးပေးမယ့် အသက်အပိုင်းအခြားကိုလည်း ကိုယ့်နိုင်ငံနဲ့ အဆင်ပြေမယ့် အသက်အပိုင်းအခြားကို ရွေးချယ်တာပါ။ ၂၀၂၀ ပြည့်နှစ်မတိုင်ခင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေးနဲ့ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးတွေကို ထိုးပေးနိုင်ဖို့ပြင်ဆင်ထားတယ်။ အခုဆိုရင် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် GAVI အဖွဲ့က ကာကွယ်ဆေးနဲ့ လုပ်ငန်းတွေဆောင်ရွက်ဖို့ ဒေါ်လာ ၃၂ သန်းကျော် ထောက်ပံ့ထားပါတယ်” ဟု ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းမှ ဒေါက်တာထားထားလင်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာအဖြစ်အများဆုံး အသက်အပိုင်းအခြားမှာ အသက်အုပ်စု ၅၀ မှ ၅၉ နှစ်အကြားဖြစ်နေကြောင်း ၂၀၁၆ ခုနှစ်အတွင်းက ဆေးသုတေသနဦးစီးဌာန၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတို့ ပူးပေါင်းပြုလုပ်ခဲ့သည့် ကျန်းမာရေးသုတေသန စာတမ်း၏ ရလဒ်များအရ သိရသည်။
၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးက အသက် ၂၀ မှ ၇၉ နှစ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါဟု အတည်ပြုထားသော သားအိမ်ခေါင်းကင်ဆာရောဂါရှင် အမျိုးသမီး ၁၀၆ ဦးအား စမ်းသပ်လေ့လာခဲ့ကြောင်း၊ ထိုအမျိုးသမီးများမှ ၉၇ ဦး (၉၁ ဒသမ ၅ ရာခိုင်နှုန်း) တွင် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးထားခြင်း ရာဇဝင်မရှိသည်ကို တွေ့ရကြောင်း၊ သုတေသနပြုလုပ်ချက်အရ သားအိမ်ခေါင်းကင်ဆာ ရောဂါအဖြစ်အများဆုံး အသက်အပိုင်းအခြားမှာ အသက် အုပ်စု ၅၀ မှ ၅၉ နှစ်အတွင်း ၃၄ ဒသမ ၉ ရာ ခိုင်နှုန်းရှိပြီး အသက် ၄၀ မှ ၄၉ နှစ်တွင်၂၆ ဒသမ ၄ ရာခိုင်နှုန်း၊ အသက် ၆၀ မှ ၆၉ နှစ်တွင် ၂၀ ဒသမ ၈ ရာခိုင်နှုန်း၊ အသက် ၃၀ မှ ၃၉ နှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်း၊ အသက် ၇၀ မှ ၇၉ နှစ်တွင် ၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် အသက် ၂၀ မှ၂၉ နှစ်တွင် ၁ ဒသမ ၉ ရာခိုင် နှုန်းတို့ဖြစ်ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာ ရောဂါနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်အတွင်းက အမျိုးသမီး မျိုးပွားအင်္ဂါဆိုင်ရာ အထူးကုဆရာဝန်ကြီးများက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးအပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဆေးရုံကြီးများတွင် ကျန်းမာရေးသုတေသနစစ်တမ်းများ ပြုလုပ်ခဲ့ဖူးကြောင်းနှင့် တစ်နှစ်လျှင် မြန်မာအမျိုးသမီး ဦးရေငါးသိန်းအထက်မှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနေပြီး ရောဂါဖြစ်ပွားမှု၏ ထက်ဝက်ကျော်မှာ သေဆုံးနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်