Top News

ထိုင်းတွင် COVID- 19 ကြောင့် အရေးပေါ်အခြေအနေထုတ်ပြန်မှုကို မေလကုန်အထိ သက်တမ်းတိုးမည်ဖြစ်သော်လည်း ကန့်သတ်မှုအချို့အား ဖြေလျှော့ရန် စဉ်းစားမည်
24htopnews | January 20, 2025 10:12 PM CST

ထိုင်းနိုင်ငံတွင် COVID- 19 ကူးစက်ပြန့်ပွားမှုအား ဟန့်တားရန် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုကို မေလကုန်အထိ သက်တမ်းတိုးမည်ဖြစ်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

သို့သော် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ကျဆင်းလာနေစဉ် စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူဆိုင်ရာ သွားလာလှုပ်ရှားမှုများအား ကန့်သတ်ထားမှုအချို့ကို ဖြေလျှော့ရန် အစိုးရက စဉ်းစားသွားမည်ဖြစ် ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းတွင် ဧပြီ ၂၇ ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ကိုးဦးသာရှိခဲ့ပြီး ပြီးခဲ့သော ဇန်နဝါရီတွင် COVID- 19 စတင်ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း မြို့တော်ဘန်ကောက်တွင် ပထမဆုံးအကြိမ်အဖြစ် ဒေသတွင်း ကူးစက်မှုသစ် မရှိခဲ့ပေ။ ထို့ပြင် မတ် ၁၄ နောက်ပိုင်း နေ့စဉ်ကူးစက်မှုသစ်အရေအတွက်တွင် အနိမ့်ဆုံးနှုန်းလည်းဖြစ်ခဲ့သည်။

ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ၂၉၃၁ မှုရှိပြီး သေဆုံးသူ ၅၂ ဦးရှိသည်။ သို့သော် လူနာ ၂၆၀၉ ဦးသည် ပြန်လည် သက်သာကောင်းမွန်ခဲ့သည်။

ကူးစက်မှု ဒုတိယလှိုင်းဖြစ်နိုင်ခြေကို စိုးရိမ်မှုကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်မှုကို တိုးမြှင့်ရန်နှင့် နိုင်ငံတစ်ဝန်း ညအချိန် ကာဖျူးထုတ်ပြန်မှုကို နောက်ထပ်တစ်လသက်တမ်းတိုးရန်အတွက် အစိုးရ၏ COVID- 19 အခြေအနေစီမံခန့်ခွဲရေးစင်တာ CCSA က အကြံပြုခဲ့သည်။

ထို့ပြင် ပြည်နယ်အချင်းချင်းအကြား ခရီးသွားလာမှုများနှင့် ပမာဏကြီးမားသော အများပြည်သူဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို ကန့်သတ်ထားမှုများအား ဆက်လက်ထိန်းသိမ်းထားရန်၊ နေအိမ်မှနေ၍ အလုပ်လုပ်ခြင်း မူဝါဒကို သက်တမ်းတိုးရန်၊ မေတွင် အများပြည်သူ အားလပ်ရက်လေးရက်ကို ရွှေ့ဆိုင်းရန်တို့ကိုလည်း CCSA က အကြံပြုခဲ့သည်။

အရေးပေါ်အခြေအနေ ထုတ်ပြန်မှုကြောင့် အလျင်အမြန်နှင့် ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ပြီး ပြည်တွင်း၌ နေ့စဉ်ကူးစက်မှုသစ် အရေအတွက်ကို ကျဆင်းခြင်းကို ဦးတည်ခဲ့ကြောင်း CCSA ပြောခွင့်ရပုဂ္ဂိုလ် Taweesin Wisanuyothin က ပြောကြားခဲ့သည်။

ထိုတုံ့ပြန်ဆောင်ရွက်မှုသစ်များအား အစိုးရအဖွဲ့က ဧပြီ ၂၈ တွင် အတည်ပြုမည်ဟု မျှော်လင့်ရသည်။

ကူးစက်မှုသစ်အရေအတွက် ကျဆင်းမှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူ သွားလာလှုပ်ရှားမှုများအား ဖြေလျှော့ပေးရန်ကိုလည်း အစိုးရအဖွဲ့က ဆွေးနွေးဖွယ်ရှိကြောင်း Taweesin Wisanuyothin က ပြောကြားခဲ့သော်လည်း ပြုလုပ်မည့် အပြောင်းအလဲပုံစံအမျိုးအစားများ သို့မဟုတ် ကန့်သတ်မှုများအား ရုပ်သိမ်းပေးမည့် အချိန်တို့နှင့်ပတ်သက်၍ အသေးစိတ် မထုတ်ပြန်ခဲ့ပေ။

ဝန်ကြီးချုပ်သည် တစ်နိုင်ငံလုံး၌ တစ်ချိန်းတည်း ပြန်လည်စတင်နိုင်သော လှုပ်ရှားဆောင်ရွက်မှုများကို ရွေးချယ်ရန် လိုလားနေကြောင်း၊ သို့သော် မိမိတို့သည် ယင်းကိစ္စအတွက် ယုံကြည်မှုနှင့် အဆင်သင့်ရှိထားရမည်ဖြစ်ကြောင်း Taweesin Wisanuyothin က ပြောကြားခဲ့သည်။

ဧပြီ ၄ တွင် ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံသို့ လာရောက်သည့် အပြည်ပြည်ဆိုင်ရာ ခရီးသွားလေကြောင်း ခရီးစဉ်အားလုံးကို ပိတ်ပင်မှုအား မေ ၃၁ ထိ သက်တမ်းတိုး ကြောင်းလည်း ထိုင်းပြည်သူ့ လေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

 

 


READ NEXT
Cancel OK