Top News

ဂါဇာအပစ်အခတ်ရပ်စဲရေးကာလအတွင်း ယီမင်ကိုတိုက်ခိုက်ပါက နောက်ဆက်တွဲအကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု ဟူရ်သီသူပုန်များ ပြောကြား
24htopnews | January 20, 2025 5:12 PM CST

ဂါဇာအပစ်အခတ်ရပ်စဲရေး ကာလအတွင်း ယီမင်ကိုတိုက်ခိုက်မည်ဆိုပါက နောက်ဆက်တွဲ အကျိုးဆက်များ နှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ယီမင်၏ အီရန်ကျောထောက် နောက်ခံပြု ဟူရ်သီအဖွဲ့က ဇန်နဝါရီ ၁၉ ရက်တွင် သတိပေးခဲ့သည်။

ထို့ပြင် အမေရိကန်လေယာဉ်တင် သင်္ဘောတစ်စင်းပေါ်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုကို ၎င်းတို့ပြုလုပ်ခြင်း ဖြစ်ကြောင်း ဟူရ်သီသူပုန်များက ပြောကြားခဲ့သည်။

“ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ ကာလအတွင်း ကျွန်တော်တို့ နိုင်ငံကိုဆန့်ကျင်တဲ့ ရန်လိုမှုတွေဟာ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာလိမ့်မယ်ဆိုတာကို ပင်လယ်နီမှာရှိတဲ့ ရန်သူ့တပ်ဖွဲ့တွေကို ယီမင်လက်နက်ကိုင်တပ်ဖွဲ့တွေက သတိပေးလိုက်ပါတယ်”ဟု ဟူရ်သီအဖွဲ့က ထုတ်ပြန် ခဲ့သည်။

ရန်သူများအနေဖြင့်  အကန့်အသတ်မရှိသည့် အထူးစစ်ဆင်ရေးများနှင့် ရင်ဆိုင်သွားရမည်ဟုလည်း ဟူရ်သီအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အစ္စရေးနှင့် ဟားမာ့စ်အကြား ကနဦး အဆင့် ၄၂ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ဇန်နဝါရီ ၁၉ ရက် ဂရင်းနစ်စံတော်ချိန် ၆ နာရီခွဲတွင် စတင်မည် ဖြစ်သည်။

ဂါဇာစစ်ပွဲအတွင်း ပင်လယ်နီရှိ သင်္ဘောများကို တိုက်ခိုက်ခဲ့သည့် ဟူရ်သီသူပုန်များက ၎င်းတို့သည် USS Harry S.Truman လေယာဉ်တင်သင်္ဘောနှင့် အခြားစစ်သင်္ဘောများကို ဒရုန်များ၊ ခရုဇ်ဒုံးကျည်များဖြင့် ပစ် မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

“အမေရိကန်လေယာဉ်တင် သင်္ဘောဟာ သူတို့ရဲ့ စစ်ဆင်ရေးပြုလုပ်နေတဲ့ နေရာကနေ ထွက်ခွာသွားခဲ့ရပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အီရန်၏ တော်လှန်ရေး မဟာမိတ်အင်အားစုတွင် ပါဝင်သည့် ဟူရ်သီအဖွဲ့သည် ဂါဇာတွင် စစ်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ဂါဇာရှိ ပါလက်စတိုင်းတို့နှင့် စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ သင်္ဘောများနှင့် အစ္စရေးနယ်စပ်ကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် မကြာခဏ တိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တို့တွင် သွားလာနေသည့် ကုန်တင်သင်္ဘော လမ်းကြောင်းများကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

အစ္စရေးအနေဖြင့် ဟားမာ့စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ပါဝင်သည့်အချက်များကို လိုက်နာခြင်းမရှိပါက အစ္စရေးကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ယီမင်သူပုန်များက ဇန်နဝါရီ ၁၇ ရက်တွင် သတိပေးခဲ့သည်။

ထို့ပြင် ဂါဇာအပစ်အခတ်ရပ်စဲရေး ကာလအတွင်း အစ္စရေးက ဂါဇာတွင် တိုက်ခိုက်မှုများကို ရပ်နားမည်ဆိုပါက၊ အမေရိကန်၊ ဗြိတိန်နှင့် အစ္စရေးတို့က ယီမင်ကိုတိုက်ခိုက်မှုများကို ရပ်တန့်မည်ဆိုပါက ဟူရ်သီအဖွဲ့ကလည်း ပင်လယ်နီတွင် တိုက်ခိုက်မှုများအပါအဝင် ၎င်းတို့၏ စစ်ဆင်ရေးများကို ရပ်နားမည်ဖြစ်ကြောင်း ဟူရ်သီအဖွဲ့က ပြောကြားခဲ့သည်။                            

Ref:Reuters


READ NEXT
Cancel OK