Top News

ယခင်နှစ်က ရေနောက်ကျိမှုဖြစ်ပေါ်ခဲ့သည့် ကျောက်ဖြူမြို့နယ် သံဇစ်မြစ်ရေ၏ရေအရည်အသွေးကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေနမူနာကို ဓာတ်ခွဲစမ်းသပ်မည်
24htopnews | January 20, 2025 4:12 PM CST

ယခင်နှစ်က ရေနောက်ကျိမှုဖြစ်ပေါ်ခဲ့သည့် ကျောက်ဖြူမြို့နယ် သံဇစ်မြစ်ရေ၏ ရေအရည်အသွေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေနမူနာကို ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်မည်ဟုကျောက်ဖြူခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

မြေယာ၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတရေးရာ ကော်မတီအဖွဲ့ဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ၊ ဦးရန်မျိုးအောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ကျောက်ဖြူခရိုင် ဦးစီးလက်ထောက်ညွှန်မှူး ဦးလွှမ်းမိုးထက်နှင့် ဝန်ထမ်းများ၊  MOGE  မှ ဦးရဲအောင်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၉ ရက်တွင် ယခင်နှစ်က ရေနောက်ကျိမှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ ကွင်းဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ရေပြင်မှ ရေအရည်အသွေးကို စစ်ဆေးခြင်းနှင့် ရေနမူနာကောက်ယူခဲ့ပြီး ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပို့ဆောင်ထားကာ ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ၎င်းရရှိလာသောအဖြေအား ပြန်လည်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“ယခင်က ရေနောက်ကျိမှုဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ကတိကဝတ်ရှိခဲ့တဲ့အတိုင်း တစ်လတစ်ကြိမ်မပြတ် စောင့်ကြည့်စစ်ဆေးတာဖြစ်ပါတယ်။ ဇူလိုင်  ၂၉ ရက်က ထပ်မံကွင်းဆင်းကြည့်တဲ့အခါ ရေနောက်ကျိမှုဖြစ်တာကို လုံးဝမတွေ့ရတော့ဘူး။ ရေက ပုံမှန်အတိုင်းရှိနေတာကို တွေ့ရတယ်။ ရေနမူနာကိုတော့ ပြည်နယ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနကို ပို့ဆောင်ထားပြီး ဓာတ်ခွဲစမ်းသပ်မှုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ကျောက်ဖြူခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်က ပြောကြားသည်။

ကျောက်ဖြူမြို့ မဒေးကျွန်းရေနက်ဆိပ်ကမ်းတည်ရှိရာ သံဇစ်မြစ်ရှိ ရေနောက်ကျိမှု ဖြစ်ပေါ်ခဲ့သည့် နေရာသို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ရေနမူနာကောက်ယူခြင်းတို့ကို ဇွန် ၃၀ ရက် နံနက်ပိုင်းကလည်း ကျောက်ဖြူခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဝင်များမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီးရှိ သံဇစ်မြစ်ရေပြင်မှာ ၂၀၁၈ ခုနှစ် ဇူလိုင်လနောက်ဆုံးပတ်က စတင်တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အဆိုပါမြစ်ရေသည် အမ်းမြို့နယ်အထိ ပျံ့နှံ့ခဲ့ပြီး ပြန်လည်ပျောက်ကွယ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၏ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်းဖြစ်ပေါ်နေသော ရေထုညစ်ညမ်း အရောင်ပြောင်းလဲမှုကိစ္စကြောင့် ဒေသခံပြည်သူလူထု၏ စိုးရိမ်မှုများမှာ တစ်စ တစ်စ မြင့်မားလာကာ ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများ ရှိလာနေသည့် သတင်းများ ထွက်ပေါ်နေသောကြောင့် သက်ဆိုင်ရာ အစိုးရ၊ ဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်းများအနေဖြင့် မည်သို့တုံ့ပြန်ဆောင်ရွက်မည်ကိုသိရှိလိုခြင်း မေးခွန်းအား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ ရဲမြင့်ဆွေက ရေထုညစ်ညမ်းမှု ပမာဏအဆင့်တိုင်းတာရန်အတွက် ရေနမူနာများကို ASEAN Marine Water Quality Management Guidelines and Monitoring Manual ပါ နမူနာကောက်ယူမှု နည်းစနစ်များအတိုင်း စနစ်တကျရယူ၍ အသိအမှတ်ပြုဓာတ်ခွဲခန်းတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ရေရှည်ကာလလုပ်ငန်းစဉ်အဖြစ် ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ ထိခိုက်နိုင်မှုများအပေါ် လေ့လာဆန်းစစ်မှုများနှင့် သုတေသနပြုမှုများဆောင်ရွက်ခြင်း၊ ရေအရည်အသွေးအား စဉ်ဆက်မပြတ် တိုင်းတာစစ်ဆေးသည့်စနစ်ကို တည်ထောင်ထားရှိခြင်းတို့ကိုပါ ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်တွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီးရှိ သံဇစ်မြစ်ရေပြင်မှာ၂၀၁၈ ခုနှစ် ဇူလိုင်လနောက်ဆုံးပတ်က စတင်တွေ့ရှိခဲ့ရသည့် ထူးခြားသည့်မြစ်ရေပြင် အရောင်ပြောင်းလဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက သွားရောက်စစ်ဆေးခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့အားတင်ပြခဲ့ကြောင်း၊ အဆိုပါ ရေအရောင်ပြောင်းလဲခြင်းမှာ ရေနံယိုဖိတ်မှုကြောင့် မဟုတ်ဘဲ ရေအောက်သဘာဝဘူမိ ဖြစ်စဉ်များကြောင့်သော်လည်းကောင်း၊ ဂေဟစနစ်ပျက်ယွင်းမှုကြောင့်သော်လည်းကောင်း ရေအရောင်ပြောင်းလဲခဲ့သည်ဟု သုံးသပ်ရကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

 


READ NEXT
Cancel OK