Top News

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လေးဖွဲ့အကြား တွေ့ဆုံဆွေးနွေးရေးအတွက် နေရာညှိနှိုင်းနေဆဲဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ပြောကြား
24htopnews | January 20, 2025 4:12 PM CST

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လေးဖွဲ့တို့အကြား ဇူလိုင်လအတွင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ငြိမ်းချမ်းရေးကော်မရှင်ဘက်က အဆိုပြုခဲ့သော်လည်း လက်ရှိအချိန်ထိ တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိသေးဘဲ နေရာညှိနှိုင်းနေဆဲသာဖြစ်ကြောင်း အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့အကြား တွေ့ဆုံပွဲဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေသည့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။

ပြီးခဲ့သည့် ဇွန် ၃၀ ရက်တွင် ငြိမ်းချမ်း ရေးကော်မရှင်နှင့် မြောက်ပိုင်းလေးဖွဲ့တို့ မိုင်းလားတွင် တွေ့ဆုံခဲ့ကြပြီး အဆိုပါတွေ့ဆုံပွဲတွင် ဇူလိုင်လ တတိယပတ်တွင် ထပ်မံတွေ့ဆုံရန် ငြိမ်းချမ်းရေးကော်မရှင်ဘက်က အဆိုပြုခဲ့သကဲ့သို့ မြောက်ပိုင်းလေးဖွဲ့အတွက် အစိုးရဘက်က ရေးဆွဲထားသည့် ပဏာမပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အဆိုပြုချက်မူကြမ်းကိုလည်း တစ်ဖွဲ့ချင်းစီအလိုက် ပေးအပ်ခဲ့သည်။

“နေရာညှိနှိုင်းနေဆဲပဲ ရှိပါသေးတယ်။ နေရာညှိလို့ မပြီးသေးဘူး။ အဲဒီတော့ မသိသေးဘူး။ ဟုတ်ကဲ့၊ ပြည်တွင်းတော့ ပြည်တွင်းပါပဲ။ အခုက အမျိုးမျိုးအခြေအနေအရ အစိုးရဘက်က အခြေအနေတွေလည်း နည်းနည်းပြောင်းလဲလာတော့ ဟိုဘက်ကလည်း နည်းနည်း သူ့ဟာသူ လုံခြုံရေးအရ အကြောင်းပြလာတာပေါ့။ လုံခြုံရေးအရ ဖြစ်လာတာပေါ့။ အစိုးရဘက်ကလည်း လုံခြုံရေးအရ ပြောလာသလို ဟိုဘက်ကလည်း လုံခြုံရေးအရ ပြောလာတော့ အဲဒါကြားထဲမှာ ညှိနှိုင်းရမှာပေါ့” ဟု PCG မှ ဦးဆန်းအောင်က ပြောကြားသည်။

အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့အကြား တွေ့ဆုံပွဲသည် နေရာညှိနှိုင်းမှု မရရှိသေးသည့်အတွက် ရက်ရွှေ့ရမှုလည်း ဖြစ်နိုင်ကြောင်း၊ အကယ်၍ တွေ့ဆုံပွဲဖြစ်မြောက်ပါက နှစ်ဖက်အပြန်အလှန် ပေးပို့ထားသည့် ပဏာမပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ် အဆိုပြုချက်မူကြမ်းများ သဘောတူညီချက် ရရှိသည့်အနေအထားဖြစ်အောင် ပြန်လည်ဆွေးနွေးကြမည်ဟု ဦးဆန်းအောင်က ပြောကြားသည်။

“တွေ့ဖြစ်ရင်တော့ Bilateral ကိစ္စပဲ ဆက်ဆွေးနွေးမှာ။ Bilateral က နှစ်ဖက်ပေးဖို့ထားတာပဲ ရှိသေးတယ်။ နှစ်ဖက်သဘောတူတာ မရှိသေးဘူး။ နှစ်ဖက်တွေ့ဆုံပြီး နှစ်ဖက်သဘောတူတဲ့အနေအထားကို ပြန်ဆွေးနွေးကြမှာပေါ့” ဟု ဦးဆန်းအောင်က ပြောကြားသည်။

အစိုးရ ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့လေးဖွဲ့တို့ အစိုးရ၏ ပဏာမပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (မူကြမ်း) ပါ အချက်များကို ဆွေးနွေးပြီး သဘောတူညီချက်ရရှိပါက ရက်ပေါင်း ၉၀ အတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ရန် အစိုးရနှင့် တပ်မတော်တို့က အဆိုပြုကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ၎င်းအသုံးပြုသည့် Facebook  Account တွင် ရေးသားထားသည်။

 


READ NEXT
Cancel OK