Top News

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ Wisdom Hill မူကြိုကျောင်းဆရာမနှင်းနုအား နောက်တိုးတရားခံအဖြစ် သတ်မှတ်ရန်လျှောက်ထားခြင်းသည် ဥပဒေနှင့်မညီဘဲ ရဲစခန်း၌ ထပ်မံအမှုဖွင့်တိုင်ကြားပါက ပိုမိုသင့်လျော်ကြောင်း ဥပဒေအရာရှိက တရားရုံးသို့ သဘောထားမှတ်ချက်ပေး
24htopnews | January 20, 2025 4:12 PM CST

Victoria အမှုနှင့်ပတ်သက်၍ Wisdom Hill မူကြိုကျောင်းဆရာမနှင်းနုအား နောက်တိုးတရားခံအဖြစ် သတ်မှတ်ရန် လျှောက်ထားခြင်းသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ ရဲစခန်း၌ ထပ်မံအမှုဖွင့်တိုင်ကြားပါက ပိုမိုသင့်လျော်ကြောင်း ဥပဒေအရာရှိက တရားရုံးတော်သို့ သဘောထားမှတ်ချက်ပေးခဲ့သည်။

သြဂုတ် ၁ ရက်က နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးတွင် စွပ်စွဲခံရသူ အောင်ကျော်မျိုး (ခ) အောင်ကြီးကို ရုံးထုတ်ခဲ့ပြီး အဆိုပါရုံးချိန်းတွင် Victoria အမှုအား ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသည့် ခရိုင်ဥပဒေအရာရှိက တရားရုံးတော်သို့ အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဥပဒေအရာရှိက အခင်းဖြစ်ပွားခဲ့သည့် Wisdom Hill မူကြိုကျောင်းသို့ တရားသူကြီးများနှင့် ရှေ့နေများက သွားရောက်ကြည့်ရှုစစ်ဆေးရန်နှင့်ပတ်သက်၍ ရုံးတော်က လိုအပ်ပါက ဆောင်ရွက်ရန်နှင့် ၎င်းတို့အနေဖြင့် မှတ်ချက်တစ်စုံတစ်ရာပေးစရာမရှိကြောင်း တရားရုံးတော်သို့ သဘောထားမှတ် ချက်ပေးခဲ့သည်။

“ဒီနေ့ရုံးချိန်းမှာ ဥပဒေအရာရှိကနေပြီးတော့ လျှောက်ထားတဲ့စာရွက်နှစ်ရွက်ထဲကနေ တစ်ခုဖြစ်တဲ့ အချင်းဖြစ်နေရာကိုသွားပြီးတော့ ကြည့်ရှုခွင့်ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ ရုံးတော်ကနေပြီးတော့ လိုအပ်တယ်ထင်လို့ ရှိရင်ဆောင်ရွက်ပါ။ သူတို့အနေနဲ့ အဲဒီအပေါ်မှာ မှတ်ချက်တစ်စုံတစ်ရာပေးစရာမရှိဘူး။ သူတို့အနေနဲ့ လက်ခံတယ်ဆိုတဲ့ အကြောင်းကို ရေးပြီးတော့ အဲဒီလျှောက်လွှာကို သူတို့က တင်တယ်။ ရုံးတော်ကိုတစ်ခုပေါ့။ နောက်တစ်ခုကကျတော့ ဒီနှင်းနုနဲ့ပတ်သက်တဲ့ လျှောက်ထားတာနဲ့ပတ်သက်ပြီးတော့ ဥပဒေအရပေါ့။ ညီညွတ်မှုမရှိဘူးလို့ သူတို့ အနေနဲ့ ယူဆတယ်ပေါ့။ ဒါကြောင့်မို့လို့ နှင်းနုနဲ့ပတ်သက်ပြီးတော့ ဦးတိုက်လျှောက်ထားခြင်းပဲဖြစ်ဖြစ်၊ ရဲစခန်းမှာ အမှုတစ်ခုအဖြစ်နဲ့ ထပ်ပြီးတော့ ဖွင့်ပြီးတော့ပဲဖြစ်ဖြစ် ဆောင်ရွက်မယ်ဆိုရင် ပိုပြီးတော့ သင့်တော်တယ်လို့ဆိုပြီးတော့ မှတ်ချက်ရေးပြီးတော့ အဲဒီစာရွက်ကို ဥပဒေအရာရှိကနေပြီးတော့ တရားရုံးကိုတင်တာ” ဟု Victoria အမှုအား ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောကြားသည်။

ဆရာမနှင်းနုအား နောက်တိုးတရားခံအဖြစ် ပါဝင်ရန်ဆိုသည့် လျှောက်ထားလွှာနှင့်ပတ်သက်၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ  ၄၄၊ ၄၅ ဖြင့် ညီညွတ်ရမည်ဖြစ်ကြောင်း၊  ယင်းတွင် ပုဒ်မ ၃၇၆ ပါဝင်ခြင်း မရှိခြင်းကြောင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၂ အရ မညီညွတ်ကြောင်း၊ သီးခြားအကြောင်းအရာဖြင့် သက်ဆိုင်ရာ ရဲစခန်း၊ တရားရုံးတွင် တင်ပြလျှောက်ထားအရေးယူခြင်းသည် ပိုသင့်တော်ကြောင်း ဥပဒေအရာရှိက ရုံးတော်သို့ တင်ပြခဲ့သည်။

ဆရာမနှင်းနုအား နောက်တိုးတရားခံအဖြစ် သီးခြားဆောင်ရွက်ရန်ရှိ၊ မရှိနှင့်ပတ်သက်၍ ကလေးငယ်၏ မိခင်ဖြစ်သူက ပထမအကြိမ် ဥပဒေအရာရှိနှင့် ဆွေးနွေးခဲ့စဉ်က တရားစွဲမည့်အခြေအနေအား ဆွေးနွေးခဲ့ဖူးပြီး ယင်းသို့တရားစွဲဆိုခြင်းသည် တရားစွဲအဖွဲ့အစည်းမှ အမှုပေါ်ပေါက်သည့်အခြေအနေ အပေါ်တွင်သာ မျှော်လင့်ကြောင်း၊ ဆရာမနှင်းနုအား နောက်တိုးတရားခံအဖြစ် သတ်မှတ်ရန် တရားလိုမိခင်နှင့် ဖခင်ဖြစ်သူတို့က ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်း ဒေါ်ရွက်နုအောင်က ဆိုသည်။

“တရားလိုမိခင်အနေနဲ့ကတော့ အဖေအနေနဲ့ရော၊ အမေအနေနဲ့ရော ဒါကြီးကို လျှောက်ဖို့အစီအစဉ်မရှိဘူး။ ရှိမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ထပ်ပြီးတော့ ဒီကိစ္စတွေကို မကြုံချင်တော့ဘူး။ ပြီးချင်ပြီ။ သမီးလေးရဲ့ အမေအနေနဲ့ကတော့ သူတို့ တစိုက်မတ်မတ် စခန်းမှာလည်း ဒါပဲ၊ CID မှာလည်း ဒါပဲပေါ့။ သူတို့ အမြဲတမ်းတင်ပြခဲ့တယ်။ ဆိုတော့ သူတို့ရင်ထဲမှာ သူတို့အတိအကျ လက်ခံထားတာကတော့ ဒီနှင်းနုနဲ့ပတ်သက်တဲ့ဟာက သူတို့ ဒီတရားခံကိုပေါ့။ ထိမ်ချန်မှုတွေရှိခဲ့တယ်ဆိုတာကို သူတို့က ဒါကြီးကို သူတို့ လုံးဝလက်ခံထားတဲ့ အခြေအနေပေါ့။ ဒါ တရားလိုအမျိုးသမီးပေါ့။ သမီးလေးရဲ့ အမေက ဒါကိုသူတို့ လက်ခံထားတာရှိတဲ့အတွက်ကြောင့်မို့လို့ ဥပဒေပြဋ္ဌာန်းချက်တွေလည်း ရှိတယ်။ ဆိုတော့ ကျွန်မတို့က ဒါရုံးမှာ ဆက်ပြီးတော့ အခြေအနေတစ်ခုကို ပြန် ကြည့်မယ်ပေါ့။ ဒါက ပြီးသွားတဲ့အခြေအနေ မဟုတ်သေးဘူး။ ထပ်ပြီးတော့ ပေါ်ပေါက်ချက်တွေပေါ်လာရင် လုပ်လို့ရတဲ့ဥပဒေ၊ လျှောက်လဲလို့၊ တင်ပြလို့ရတဲ့အရာတွေ အများကြီးရှိသေးတယ်။ ဆိုတော့ ကျွန်မတို့ရှေ့မှာ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကျန်ဦးမှာပါ” ဟု ဒေါ်ရွက်နုအောင်က ဆက်လက်ပြောကြားသည်။

ဆရာမနှင်းနုအား နောက်တိုးတရားခံအဖြစ် သတ်မှတ်ရန် အမှုပေါ်ပေါက်မှု အခြေအနေပေါ်မူတည်၍ တရားရုံးသို့ လျှောက်တင်ရန် ချင့်ချိန်ဆောင်ရွက်နေကြောင်း စွပ်စွဲခံရသူ အောင်ကျော်မျိုး (ခ)အောင်ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

၎င်းက “ကျွန်တော်တို့တင်ရင်တော့ သတင်းပေးပျက်ကွယ်တယ်ဆိုပြီး မတင်ဘူး။ ကျွန်တော်တို့တင်ရင် ၁၁၄ အားပေးကူညီတယ်။ ကြံရာပါလုပ်တယ်ဆိုပြီးတော့ တင်မှာ။ အဲဒီလိုလုပ်ဖို့ကတော့ အချက်အလက် လိုသေးတယ်။ ဆရာမနှင်းနုကို တရားခံအဖြစ် လုပ်ဖို့ကတော့ သူ့ထွက်ချက်အပေါ် မှီပြီးတော့ အများစုကတော့ ဘယ်လိုဖြစ်တုံးဆိုတော့ သက်သေကထွက်ရင်းကနေပြီးတော့ အမှုမှာ ငြိစွန်းမှုပေါ်ပေါက်ရင် အဲဒီသက်သေကို တရားခံအဖြစ် တိုးလိုက်တာက ပိုလွယ်တယ်။ အဲဒီလိုမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။

ဇူလိုင် ၂၄ ရက် ရုံးချိန်း၌ တရားလို ဗစ်တိုးရီးယား၏ မိခင်ဖြစ်သူက ၎င်းအား စစ်ဆေးပြီးချိန်တွင် ကျောင်းဆရာမနှင်းနုအား နောက်တိုးတရားခံအဖြစ် တိုးပေးရန်နှင့် တရားသူကြီးများနှင့် နှစ်ဖက်ရှေ့နေများက အခင်းဖြစ်ပွားခဲ့သည့် Wisdom Hill မူကြိုကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပေးရန် တရားရုံးတော်သို့ တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

စွပ်စွဲခံရသူတရားခံ အောင်ကျော်မျိုး (ခ) အောင်ကြီး၏မိခင်ဖြစ်သူက “ကျွန်မသားက တရားခံမဟုတ်တဲ့အတွက် ကျွန်မသားကို အမြန်ဆုံးအပြင်ကိုပြန်ပြီးတော့ ထွက်တာကိုမြင်ချင်တာပေါ့။ ဒီနေ့ထွက်ဆိုချက်တွေက ကျွန်မသား တရားခံမဟုတ်ဆိုတာကို တွေ့ရတယ်။ ကလေးအမေကတော့ ပြောတယ်။ ကိုကိုနှစ်ယောက်ပေါ့။ အခန်းကျယ်ကြီးထဲမှာတဲ့။ သူနဲ့လည်း ဆော့ဖူးလားဆိုတော့ ဆော့ဖူးတယ်လို့ ကလေးအမေက အဲဒီလိုပြောပါတယ်။ ဘယ်သူသိလဲဆိုတော့ တီချယ်နှင်းနုသိတယ်၊ တီချယ်နှင်းနုကတောင် ဒီကိုကိုကို ဆူလိုက်သေးတယ်လို့ အဲဒီလိုထွက်ပါတယ်။ ကျွန်မသားအရွယ်နဲ့လောက်ဆိုရင် ဦးဦးလောက်ပဲခေါ်မှာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အသက်ကလည်း သုံးဆယ်နား ကပ်နေပြီလေသားက။ ကျွန်မသားလေးက တရားခံလည်း မဟုတ်ပါဘူး။ ကျွန်မသားလေးကို ဒီလိုစွပ်စွဲပြီး ထည့်ထားတာပါ” ဟု သတင်းမီဒီယာများအား ပြောကြားသည်။

Victoria အမှုနှင့်ပတ်သက်၍ ဒက္ခိဏခရိုင်တရားရုံးတွင် Case Management Program (မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်) ကို သြဂုတ် ၁ ရက်ရုံးချိန်းတွင် ဆောင်ရွက်ခဲ့ပြီး တရားရုံးမှ တရားလိုပြသက်သေ ၂၆ ဦးအား ဒီဇင်ဘာ ၁၈ ရက်တွင် အပြီးစစ်ဆေးရန် သတ်မှတ်ထားကြောင်း သိရသည်။

လူအများစိတ်ဝင်စားနေသည့် Victoria ကလေးငယ်၏ ရုံးချိန်းကို သြဂုတ် ၁၄ ရက်သို့ ထပ်မံချိန်းဆိုခဲ့ပြီး ကလေးငယ်၏ ဖခင်ဖြစ်သူနှင့် အဘွားဖြစ်သူတို့အား စစ်ဆေးမည်ဖြစ်ကြောင်း နှစ်ဖက်ရှေ့နေများ၏ ပြောကြားချက်အရ သိရသည်။

တတိယအကြိမ်ရုံးချိန်းတွင် အမှုနှင့်ပတ်သက်ပြီး တရားခွင်အတွင်း လာရောက်နားထောင်သူ ၅၀ ခန့်ရှိပြီး တရားရုံးပြင်ပတွင်လည်း အမှုအားလာရောက်ဝန်းရံသူများလည်း စောင့်ဆိုင်းလျက်ရှိသည်ကို တွေ့ရသည်။ တတိယအကြိမ်ရုံးချိန်းတွင် စစ်ဆေးမှုမှာ နေ့တစ်ဝက်သာ ကြာမြင့်ခဲ့ပြီး ဒုတိယအကြိမ်ရုံးချိန်းတွင် တစ်နေ့လုံး စစ်ဆေးခဲ့သည်။

 

အမှုနှင့်ပတ်သက်ပြီး တတိယအကြိမ်ရုံးချိန်းတွင် တရားလို၏ ထွက်ဆိုချက်အချို့နှင့် တရားခွင်အတွင်းထူးခြားမှုများ

■ကလေးငယ်၏ မိန်းမကိုယ်တွင် ဖူးရောင်သွေးထွက်နေခြင်းကြောင့် မေးမြန်းရာ ကိုကိုလုပ်သည်ဟုပြောကာ လက်နှင့်လုပ်သည့် ပုံစံပြသခဲ့ကြောင်း၊ ကိုကို၏ နာမည်ကို မသိကြောင်းနှင့် အခန်းကျယ်တွင် ပြုလုပ်ခြင်းဟု ကလေးငယ်က ပြောကြားခဲ့ခြင်းဖြစ်။

■ကလေးငယ်မှာကျောင်းမှ ရောက်ကတည်းက ရွှင်ပျခြင်းမရှိ၊ ကလေးငယ်မှာ ကျောင်းမှရောက်ကတည်းက မိမိနှင့် မိမိမိခင်၏ မျက်စိအောက်တွင်သာရှိ။

■ကလေးငယ်အား ကလေးအထူးကုဆေးရုံသို့ သွားရောက်ပြသပြီး ယင်းမှတစ်ဆင့် နေပြည်တော်ခုတင် ၁၀၀၀ သို့ လွှဲပြောင်းစစ်ဆေးခဲ့ရ။

■ကနဦးတွင် ဖြစ်စဉ်အား ရဲစခန်း၌ အမှုသွားဖွင့်ရာ ရဲတပ်ဖွဲ့က အမှုဖွင့်ပေးခြင်း မရှိခဲ့။ နောက်ဆုံးတွင် အမှုဖွင့်နိုင်ခဲ့သော်လည်း ရဲတပ်ဖွဲ့နှင့် နှစ်ကြိမ်၊ သုံးကြိမ် ငြင်းခုံခဲ့ရ။ အကြောင်းမှာ ကျူးလွန်ခံရသည့်ကလေးငယ် မပြောသည့် ‘တစ်နှစ်မှ သုံးနှစ်အတွင်း ကျောင်းက ကိုကို လုပ်သည်’ ဟုဆိုသည့်အကြောင်းကို ထွက်ဆိုချက်တွင် ထည့်သွင်းရေးသားခြင်းကြောင့်ဖြစ်။

■ခုတင် ၁၀၀၀ ဆေးရုံသို့ သွားပြီး မှုခင်းဆရာဝန်နှင့် တွေ့ဆုံရာတွင် ကျောင်းမှ ဒေါ်ဥမ္မာလှိုင် ရောက်ရှိနေ။ မည်သူက ခေါ်ထားသည်ဆို ခြင်းကို မသိရှိ။ ဆရာဝန်က ဒေါ်ဥမ္မာလှိုင်အား ထွက်သွားရန် ပြောကြား။

■CID က ခေါ်ယူစစ်မေးစဉ်တစ်လျှောက်လုံးတွင် ကလေးငယ်မှ ဆရာမနှင်းနုသိသည်ဆိုသည်ကို ပြောကြားခဲ့ပြီး ဆရာမနှင်းနုက မေးသည့်အချိန်တွင်လည်း မိမိတို့ကိုပြောသည့်အတိုင်းပင် ပြောကြားခဲ့။

■ကလေးငယ်မှာ ယခင်က လူမကြောက်တတ်သော်လည်း နောက်ပိုင်းတွင် ပြောင်းလဲသွား။

■တရားခွင်တွင် စစ်ဆေးနေစဉ် မီးပျက်သွားသဖြင့် ထွက်ဆိုချက်များကို လိုက်လံမှတ်သားနေသည့် တရားရုံးကွန်ပျူတာရှိ စာဖိုင်ပျက်စီးခဲ့ပြီး နှစ်ဖက်ရှေ့နေများက မှတ်သားထားချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရ။

 

 


READ NEXT
Cancel OK