Top News

စောင်းကောက်ကျွန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်၌ ကြားဖြတ် ကြားနာပွဲပြုလုပ်ရန်ရှိဟု သိရ
24htopnews | January 20, 2025 4:12 PM CST

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှ ရေမိုင် ၃၀ ကျော်အကွာရှိ စောင်းကောက်ကျွန်းပေါ်၌ ကုမ္ပဏီ ငါးခုကို တိုင်းအစိုးရက လုပ်ကိုင်ခွင့်ပြုထားသော်လည်း ကုမ္ပဏီတစ်ခုသာ MIC ၏ ခွင့်ပြုချက် ရရှိထားသောကြောင့် ယင်းအခြေအနေအပေါ် တိုင်းဒေသကြီး လွှတ်တော်၌ ကြားဖြတ် ကြားနာပွဲ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်က ထားဝယ်မြို့တွင် ပြုလုပ်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တတိယ တစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် စောင်းကောက်ကျွန်းပေါ်၌ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုအပေါ် The Daily Eleven သတင်းစာက မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် ဝန်ကြီးချုပ်က ယင်းကျွန်းပေါ်၌ ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် ကုမ္ပဏီ ငါးခုက တင်ပြထားပြီး ကုမ္ပဏီတစ်ခုက ဘန်ဂလိုနှင့် စားသောက်ဆိုင်များ တည်ဆောက်၍ လုပ်ကိုင်နေသော်လည်း တရားဝင် BOT ငှားရမ်းစာချုပ် ချုပ်ဆိုခြင်း မရှိသေးသောကြောင့် စာချုပ် မချုပ်ဆိုမီကာလတွင် လုပ်ငန်းများ ရပ်ဆိုင်းထားရန် တိုင်းအစိုးရက စာထုတ်ပြန်သွားမည်ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောကြားခဲ့သည်။

စောင်းကောက်ကျွန်းကိစ္စအပေါ် ဝန်ကြီးချုပ်၏ ဖြေကြားမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်၍ ကော်မတီဥက္ကဋ္ဌ ဒေါက်တာထူးနေအောင်က “တိုင်းအစိုးရအဖွဲ့က ဒီကျွန်းမှာ ကုမ္ပဏီငါးခုကို ၂၀၁၇ ကတည်းက လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ မှတ်တမ်းလည်း ရှိတာပဲလေ။ ဆိုတော့ အခုလိုဖြစ်နေတာကို အစိုးရအဖွဲ့ကနေ အလေးအနက် ဆောင်ရွက်သင့်တာပေါ့လေ။ အခုလို မဆောင်ရွက်ဘူးဆိုတော့ နိုင်ငံတော် အခွန်ဘဏ္ဍာငွေလည်းပဲ နစ်နာနေတယ်။ ပြီးတော့ ကုမ္ပဏီအတွက်လည်းပဲ တရားမျှတမှု မရှိဘူး။ ဘာတစ်ခုမှလည်း ခွင့်ပြုချက် မကျဘဲနဲ့ အခုလိုမျိုး ပေးလိုက်ပါတယ် ဆိုတာက ဘာပဲပြောပြော အစိုးရရဲ့ အားနည်းချက်လို ့ပဲရှုမြင်ရမှာပေါ့။ တကယ်ဆိုရင် လွှတ်တော်မှာ ဖြေကြားထားတဲ့ဟာအတိုင်းပဲ အစိုးရကနေ မြေပြင်မှာ အကောင်အထည်ဖော်ရမှာ။ တကယ်လို့ မဟုတ်ရင်တော့ ကော်မတီမှာ အကြံပြုထားတဲ့အတိုင်းပဲ ကုမ္ပဏီရဲ့ လုပ်ကိုင်ခွင့် ပြုထားတာတွေကို ပြန်ရုပ်သိမ်းသင့်တယ်ပေါ့” ဟု ပြောကြားသည်။

ထို့ပြင် လက်ရှိအနေအထားအရ အဆိုပါကျွန်းပေါ်၌ တိုင်းအစိုးရက လုပ်ကိုင်ခွင့် ပြုထားသည့် ကုမ္ပဏီ ငါးခုအနက် Green Vision Construction ကုမ္ပဏီတစ်ခုသာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက် ရရှိထားသည်ဟု ကြားသိရပြီး ကျန်ရှိသည့်ကုမ္ပဏီ လေးခုမှာ မည်သည့် ခွင့်ပြုချက်မှ ရရှိထားခြင်း မရှိသေးဟု သိရကြောင်း၊ ယင်းအခြေအနေအပေါ် တိုင်းဒေသကြီး လွှတ်တော်၌ ကြားဖြတ် ကြားနာပွဲ ပြုလုပ်သွားရန်ရှိပြီး ကြားနာပွဲမှ ထွက်ရှိလာသည့် ရလဒ်အပေါ် မူတည်၍ ယင်းကုမ္ပဏီ ငါးခုမှာ တရားဝင်မှု ရှိ မရှိကို လွှတ်တော်က ပြန်လည် ဆုံးဖြတ်ရမည့် အခြေအနေရှိကြောင်း ကျွန်းစုမဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သည့် ဒေါက်တာ ထူးနေအောင်က ဆိုသည်။

လက်ရှိ အနေအထားအရ ယင်းစောင်းကောက်ကျွန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး လွှတ်တော်၌ ကြားဖြတ် ကြားနာမှု ပြုလုပ်ရန် အစီအစဉ်ရှိနေပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်မှုကို စောင့်ကြည့်နေကာ ကြားဖြတ်ကြားနာမှု ပြုလုပ်မည့် နေ့ရက်နှင့် အခြေအနေကို သြဂုတ်လလယ်ပိုင်း၌ ဆုံးဖြတ်မည် ဖြစ်ကြောင်း လွှတ်တော် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က စောင်းကောက်ကျွန်းနှင့် ပတ်သက်၍ ကုမ္ပဏီ ငါးခုက တိုင်းဒေသကြီး အစိုးရထံ တင်ပြထားပြီး ယင်းကုမ္ပဏီ ငါးခုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အကြား တရားဝင် BOT  စာချုပ် ချုပ်ဆိုထားခြင်း မရှိသေးကြောင်း ဖြေကြားခဲ့သဖြင့် ထိုသို့ဖြေကြားမှုနှင့် ပတ်သက်၍ ယင်းကျွန်းပေါ်၌ ကုမ္ပဏီတစ်ခုက တိုင်းအစိုးရက ခွင့်ပြုခဲ့သည့် ၂၀၁၇ ခုနှစ်မှစ၍ လက်ရှိ အချိန်အထိ နှစ်နှစ်အတွင်း တိုင်းအစိုးရက ခွင့်ပြုချက်နှင့် မကိုက်ညီဘဲ နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်များကို ရောင်းချ လုပ်ကိုင်နေသောကြောင့် နိုင်ငံတော် အခွန်ဘဏ္ဍာ နစ်နာမှုအပေါ် တိုင်းအစိုးရအနေဖြင့် မည်သို့စိစစ် အရေးယူသွားမည် ဆိုသည်ကို သိလိုကြောင်း The Daily Eleven သတင်းစာက ထပ်မံ မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းမှုကို ဝန်ကြီးချုပ်က ၎င်းကျွန်းပေါ်၌ လုပ်ကိုင်နေသည့် ခရီးသည် နားနေဆောင်နှင့် ယာယီ စားသောက်ဆိုင် ခွင့်ပြုထားမှုနှင့် ပတ်သက်၍ ယင်းလုပ်ငန်းမှ နိုင်ငံတော်အတွက် တရားဝင် အခွန်အခရရှိရန်မှာ တရားဝင်ဖြစ်ရန်လိုပြီး တရားဝင်ဖြစ်မှသာ သက်ဆိုင်ရာ ငွေစာရင်းခေါင်းစဉ်အလိုက် အခွန်ငွေပေးသွင်းမှု လက်ခံမှုများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ လက်ရှိ အနေအထားအရ  BOT စနစ်ဖြင့် ကျွန်းများကို ငှားရမ်း၍ ခရီးသွားလုပ်ငန်းအတွက် ဆောင်ရွက်ခွင့်ပြုမည်ဟု အစိုးရအဖွဲ့က မူချထားသောကြောင့် BOT စနစ်ဖြင့် ဆောင်ရွက်မည် ဖြစ်သော်လည်း ၎င်းကျွန်းပေါ်တွင် လုပ်ကိုင်ရန် လျှောက်ထားသည့် ကုမ္ပဏီများ၏ အတွင်းရေး၌ မပြေလည်မှုများ ရှိနေသောကြောင့် BOT စနစ်ဖြင့် ဆောင်ရွက်ရမည့် အနေအထား မရှိသေးဘဲ ယင်းပြဿနာများကို ဖြေရှင်းပြီးမှသာ BOT စနစ်ဖြင့် ဆောင်ရွက်ခွင့် ပြု မပြုဆိုသည်ကို နောက်တစ်ဆင့်အနေဖြင့် စဉ်းစားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြန်လည် ဖြေကြားခဲ့သည်။

“BOT စာချုပ် ချုပ်ပြီးမှသာလျှင် အခွန်အခကိစ္စကို ကျွန်တော်တို့ဘက်ကလည်း တရားဝင် လက်ခံနိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ BOT မချုပ်ခင် ဆောင်ရွက်တဲ့ လုပ်ငန်းသည် တရားမဝင်သော လုပ်ငန်းပဲ ဖြစ်မယ်ဆိုတာ ကျွန်တော့်အနေနဲ ့ဖြေကြားလိုပါတယ်။ ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီးတော့ အစိုးရအဖွဲ့ကလည်း ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ဒီတရားဝင် BOT ငှားရမ်းစာချုပ် ချုပ်ဆိုခြင်း မရှိဘဲနဲ ့မချုပ်ဆိုခင်ကာလမှာ လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ဆိုပြီးတော့ ကျွန်တော်တို့ စာထုတ်ဖို့ ရှိပါတယ်” ဟု ဦးမြင့်မောင်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်၍ ကော်မတီဥက္ကဋ္ဌက ဆွေးနွေးရာ၌ စောင်းကောက်ကျွန်းပေါ်တွင် ကုမ္ပဏီ ငါးခုစလုံးကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ၁၀ ရက် ၄ လ ၂၀၁၇ ရက်နေ့၌ ကျင်းပသည့် အစည်းအဝေး အမှတ်စဉ်(၇/၂၀၁၇) ဆုံးဖြက်ချက် အပိုဒ် ၂၅ အရ ကော့သောင်းခရိုင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် အဆိုပါကုမ္ပဏီ ငါးခုကို တိုင်းဒေသကြီး အစိုးရသို့ အခွန်များ ပေးသွင်းပြီး ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန်နှင့် ယာယီ နားနေဆောင်များ၊ စားသောက်ဆိုင်များ မြေပိုင်ဆိုင်မှု မပါဘဲ ဆောင်ရွက်ခွင့်ပြုကြောင်း ပါဝင်ပြီး ယင်းကိစ္စအပေါ် သက်ဆိုင်ရာဝန်ကြီးနှင့် လွှတ်တော်၌ ကြားနာရာတွင် အစိုးရအဖွဲ့သို့ အခွန်များ ပေးသွင်းပြီးကြောင်း ဆိုခဲ့သောကြောင့် အခွန်မည်မျှရကြောင်း မေးမြန်းသောအခါ ဝန်ကြီးအနေဖြင့် ဖြေကြားနိုင်ခြင်း မရှိသည့်အပြင် သက်ဆိုင်ရာဌာန အနေဖြင့်လည်း ဖြေကြားနိုင်ခြင်း မရှိခဲ့ကြောင်း၊ ကုမ္ပဏီများကို ခွင့်ပြုချက် ပေးထားသည့်အချိန်မှ လက်ရှိ ၂၀၁၉ ခုနှစ်အထိ နှစ်နှစ်ကျော်ကာလအတွင်း ခွင့်ပြုချက်ရသည့် ကုမ္ပဏီ ငါးခုစလုံး၏ စာချုပ်မူကြမ်းကို ကုမ္ပဏီ သုံးခုအား စိစစ်ဆဲကာလနှင့် ကုမ္ပဏီနှစ်ခုသာ စာချုပ်မူကြမ်းတင်ရန် လုပ်ဆောင်နေဆဲ ဖြစ်သောကြောင့် ၎င်းကုမ္ပဏီများကို အထူးအခွင့်အရေး ပေးထားသကဲ့သို့ဖြစ်နေပြီး မျှတမှုမရှိသည့် အခြေအနေ ဖြစ်နေကြောင်း၊ နှစ်နှစ်အတွင်း အခွန်မည်မျှရရှိကြောင်း မသိရသောကြောင့် နိုင်ငံတော်၏ အခွန်ငွေ နစ်နာသကဲ့သို့ လုပ်ထုံးလုပ်နည်းအရ ကြန့်ကြာနေရသည်မှာလည်း သက်ဆိုင်ရာဌာနအတွင်း အဂတိလုပ်နေခြင်း ရှိနေပြီလားဟု သံသယဝင်စရာ ဖြစ်ရကြောင်း ကော်မတီဥက္ကဋ္ဌဖြစ်သည့် ကျွန်းစုမဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က လွှတ်တော်၌ ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။

ယင်းအစည်းအဝေး၌ တိုင်းဒေသကြီး လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးမှ ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကတိကဝတ် သက်ရောက်သည့် အဆို/မေးခွန်းများနှင့် စပ်လျဉ်းသည့် ကွင်းဆင်းခြင်းနှင့် ကြားနာခြင်း အစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းရာတွင် အဆိုပါ စောင်းကောက်ကျွန်းကိစ္စနှင့် ပတ်သက်၍ ပါဝင်ခဲ့ကြောင်း သိရသည်။

စောင်းကောက်ကျွန်းနှင့် ပတ်သက်၍ ကြားနာချက်အရ ကော်မတီ၏ သုံးသပ် အကြံပြုချက်အတွင်း စောင်းကောက်ကျွန်းနှင့် စပ်လျဉ်း၍ Vega & Mira Tourism Co.,Ltd ၊ Hein Htet Kyaw Swar Co.,Ltd နှင့် Little Angel Travel & Tour Co.,Ltd တို့၏ စာချုပ်(မူကြမ်း) များ စိစစ်ဆောင်ရွက်ဆဲကာလနှင့် Green Vision Construction Co.,Ltd နှင့် Nature Future Co.,Ltd တို့၏ စာချုပ် (မူကြမ်း) များ တင်ပြနိုင်ရေး ဆောင်ရွက်ဆဲ ကာလတွင် (၁၀.၄.၂၀၁၇) ရက်တွင် ပြုလုပ်ခဲ့သော တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၇) ဆုံးဖြက်ချက် အပိုဒ် ၂၅ အရ ကော့သောင်းခရိုင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် အဆိုပါကုမ္ပဏီ ငါးခုကို တိုင်းဒေသကြီး အစိုးရသို့ အခွန်များ ပေးသွင်းပြီး ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် ယာယီနာနေဆောင်များနှင့် စားသောက်ဆိုင်များကို မြေပိုင်ဆိုင်မှု မပါဘဲ ဆောင်ရွက်ခွင့်ပြုထားခြင်းကို ပြန်လည် ရုပ်သိမ်းသင့်ပါကြောင်း သုံးသပ်အကြံပြုအပ်ပါသည်ဟု ဖော်ပြပါရှိခဲ့သည်။


READ NEXT
Cancel OK