Top News

အစိုးရက ရေးဆွဲထားသည့် ရန်ကုန်တိုင်း စည်ပင်သာယာရေး ဥပဒေကြမ်းတွင် ပြင်ဆင်ရမည့်အချက် များစွာရှိကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား
24htopnews | January 20, 2025 4:12 PM CST

အစိုးရက ရေးဆွဲထားသည့် ရန်ကုန်တိုင်း စည်ပင်သာယာရေး ဥပဒေကြမ်းတွင် ပြင်ဆင်ရမည့်အချက် များစွာရှိကြောင်း ထန်းတပင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးက ပြောကြားသည်။

 ရန်ကုန်တိုင်း စည်ပင်သာယာရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြင်ဆင်နိုင်ရန်အတွက် စည်ပင် တာဝန်ရှိသူများနှင့် မြို့တော်စည်ပင် နယ်နိမိတ်ပြင်ပ ၁၂ မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ သြဂုတ် ၁ ရက်နံနက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

 “အစိုးရဘက်ကနေပြီးတော့  တိုင်းစည်ပင်ဥပဒေကြမ်း ရေးဆွဲထားတဲ့ဟာကို လွှတ်တော်ကို လာတင်ပြတာပါ။ အဲဒီအထဲမှာ ပြင်ဆင်စရာ အချက်တွေက အများကြီးပဲ။ ပြင်မယ်ဆိုရင် ပြင်စရာအချက်တွေက စာမျက်နှာတိုင်းလိုလို တွေ့ရတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးက ပြောကြားသည်။

ရန်ကုန်တိုင်း စည်ပင်သာယာရေး ဥပဒေကြမ်းကို စတင်ရေးဆွဲစဉ်ကတည်းက လွှတ်တော်နှင့် ကော်မတီများကို တိုင်ပင်သင့်ပြီး ယခုမှ လွှတ်တော်ကို တင်ပြသဖြင့် ပြင်ဆင်ရန် ဆွေးနွေးရမည် ဖြစ်သောကြောင့် အချိန်ကြန့်ကြာကြောင်း ဦးအောင်ဘုန်းကျော်စံဦးက ပြောကြားသည်။

“အဓိက ပြင်ဆင်ရမယ့် အချက်တွေက ထွေအုပ်ကို ထည့်ပြီးတော့ တိုင်းစည်ပင်သာယာရေးအဖွဲ့ထဲမှာ ထည့်ထားတာကို တွေ့ရတယ်။ မြို့နယ်တွေမှာလည်း ထွေအုပ်ပါတယ်။ ကိုယ်စားလှယ် တစ်ယောက်ချင်းစီကတော့ ဆွေးနွေးတာ မတူကြဘူး။ တချို့လုပ်ငန်းတွေမှာ ထွေအုပ်ပါရင် ပိုပြီး အဆင်ပြေတာရှိသလို ထွေအုပ် မပါဘဲနဲ့ အဆင်ပြေတာတွေ ရှိတယ်။ တိုင်းအဆင့်မှာ ထွေအုပ်ကို မထည့်ချင်ကြဘူး။ တချို့ ကိုယ်စားလှယ်တွေကလည်း ထည့်ရမယ်လို့ ဆွေးနွေးတာ ရှိတယ်” ဟု ဦးအောင်ဘုန်းကျော်စံဦးက ပြောကြားသည်။

ရန်ကုန်တိုင်း စည်ပင်သာယာရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ အစိုးရဘက်က ရွေးချယ်ပေးသည့် ပုဂ္ဂိုလ်များကို မလိုချင်ဘဲ ပြည်သူများ ရွေးချယ် တင်မြှောက်သည့် ပုဂ္ဂိုလ်များကို လိုချင်ကြောင်း၊ ထို့ပြင် ဥပဒေကြမ်းတွင် စည်ပင်ပြင်ပ မြို့နယ်၁၂ မြို့နယ်အနက်မှ မြို့နယ် သုံးမြို့နယ်ပေါင်း၍ တစ်ဦးသာလျှင် တိုင်းစည်ပင်အဖွဲ့တွင် ပါဝင်ရမည်ဟု ရေးဆွဲထားသဖြင့် စစ်မှန်သည့် ကိုယ်စားပြုမှုမျိုး မဖြစ်နိုင်၍ မြို့နယ် ၁၂ မြို့နယ်မှ ၁၂ ဦးကို တိုင်းစည်ပင်အဖွဲ့တွင် ပါဝင်စေရန် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြကြောင်း ဦးအောင်ဘုန်းကျော်စံဦးက ပြောကြားသည်။

“အခုမှ လာချပြတာဆိုတော့ သက်တမ်းကလည်း တစ်နှစ်ကျော်လောက်ပဲ ရှိတော့တာလေ။ ဒီကြားထဲမှာ ရွေးကောက်ပွဲတွေ လုပ်ရဦးမယ်။ Selection နဲ့ပဲလုပ်မလား။ Election နဲ့ပဲ လုပ်မလားဆိုတာ သေချာ အဖြေမထွက်သေးဘူး”ဟု ဦးအောင်ဘုန်းကျော်စံဦး က ပြောကြားသည်။

အဆိုပါ ရန်ကုန်တိုင်း စည်ပင်သာယာရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ လာမည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ပြီး ဥပဒေကြမ်း ကော်မတီအနေဖြင့် စည်ပင်ပြင်ပမြို့နယ် ၁၂ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထား တောင်းခံထားကြောင်း သိရသည်။

ထို့ပြင် ဥပဒေကြမ်းနှင့် ပတ်သက်၍ လာမည့် လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးရာတွင် စည်ပင်ပြင်ပမြို့နယ် ၁၂ မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအပြင် စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်များလည်း ဆွေးနွေးသင့်ကြောင်း ဦးအောင်ဘုန်းကျော်စံဦးက ပြောကြားသည်။


READ NEXT
Cancel OK