Top News

မန္တလေး စက်မှုဇုန် ၂ တွင် ဒိန်းမတ်နိုင်ငံ အကူအညီ ၆၅ ရာခိုင်နှုန်းဖြင့် တစ်ရက်လျှင် ရေဆိုးဂါလန် ၆၀၀၀၀ ကျော် သန့်စင်နိုင်သော စုပေါင်း ရေဆိုးသန့်စင်စနစ် တည်ဆောက်ပြီးစီး
24htopnews | January 20, 2025 4:12 PM CST

မန္တလေး စက်မှုဇုန် ၂ အတွင်းရှိ သားရေနယ ်စက်မှုလုပ်ငန်း ၂၃ ရုံမှ ထွက်ရှိသော ရေဆိုးများကို ဒိန်းမတ်နိုင်ငံ RBF (Responsible Business Fund) ၏ ထောက်ပံ့မှု ၆၅ ရာခိုင်နှုန်းနှင့် SME လုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေ ၃၅ ရာခိုင်နှုန်းဖြင့် တစ်ရက်လျှင် ရေဆိုးဂါလန် ၆၀၀၀၀ ကျော် သန့်စင်နိုင်သော စုပေါင်း ရေဆိုးသန့်စင်စနစ် တည်ဆောက်ပြီးစီးကြောင်း သိရသည်။

ယခင်က ရေဆိုးစွန့်ထုတ်မှုစနစ် ပါဝင်ခြင်းမရှိခဲ့သော မန္တလေး စက်မှုဇုန်မှ ထွက်ရှိသည့် ရေဆိုးများကို လက်ရှိအချိန်တွင် ဒုဋ္ဌဝတီမြစ်အတွင်းသို့ ၁၀ လက်မပိုက်ဖြင့် သွယ်တန်းကာ သန့်စင်မှု မပြုလုပ်ဘဲ စွန့်ပစ်နေခြင်း ဖြစ်ကြောင်းသိရပြီး ယင်းသို့ စုပေါင်း ရေဆိုးသန့်စင်စနစ် အကောင်အထည်ဖော်မှုကို ၂၀၁၈ နှစ်ကုန်ပိုင်းက စတင်ခဲ့ပြီး SME လုပ်ငန်းရှင်များနှင့် သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးကာ ခြောက်လအတွင်း အပြီးဆောင်ရွက်ခဲ့ကြောင်း MWEP Co.,Ltd (Myanmar Water Engineering and Products Co.,Ltd) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“အခု စုပေါင်း ရေဆိုးသန့်စင်စနစ်က ကျပ်သိန်း ၅၀၀၀ ကျော် ကုန်ကျမှာဖြစ်ပြီး RBF က ၆၅ ရာခိုင်နှုန်းအနေနဲ့ ၃၂၈၅ သိန်း ထောက်ပံ့ပါတယ်။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို လုပ်ငန်းရှင်တွေက ပါဝင်ကျခံတာပါ။ ပြီးတော့ တည်ဆောက်တဲ့ မြေနေရာကို လုပ်ငန်းရှင်တွေက ဝယ်ယူပေးခဲ့တာပါ။ အကျယ် ပေ ၆၀-၈၀ ရှိပါတယ်။ ဒီစုပေါင်း ရေဆိုးသန့်စင်စနစ် (Central Industrial Wastwater Treatment System) ရေရှည် လည်ပတ်မှုအတွက် စက်ရုံ တစ်ရုံချင်းစီက စွန့်ထုတ်တဲ့ ရေဆိုးပမာဏအလိုက် တစ်ယူနစ်ကို ဘယ်လောက်ဆိုပြီး သန့်စင်စရိတ် ကျခံပေးဆောင်ရပါမယ်။ အဲဒီလို သန့်စင်ပြီးသွားရင် ချောင်းတွေ၊ မြောင်းတွေထဲ တိုက်ရိုက် စွန့်ထုတ်နိုင်တဲ့အထိ သန့်စင်သွားမှာပါ” ဟု ယင်းစနစ်ကို တာဝန်ယူ အကောင်အထည်ဖော်လျက်ရှိသည့် ပညာရှင် ဦးဝင်းခင်မောင် က ပြောကြားသည်။

လက်ရှိအချိန်တွင် စက်ရုံများမှ ထွက်ရှိသည့် ရေဆိုးပမာဏနှုန်းများမှာ 280 cubic meter/day ဖြစ်ပြီး BOD 1920 mg/l ၊ COD 4000 mg/l ၊ SS 990 mg/l ရှိကြောင်း၊ စက်ရုံ အပြည့်အဝ လည်ပတ်ပါက ရေဆိုးပြင်းအားကို BOD 50 mg/l ၊ COD 250 mg/l ၊ SS 50 mg/l အထိ လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စက်ရုံမှ ထွက်ရှိသည့် ဘေးထွက်ပစ္စည်း Methane gas ကို Tank ဖြင့် စုထားပြီး လျှပ်စစ်ထုတ်နိုင်ရန် လျာထားလျက်ရှိပြီး လျှပ်စစ် မထုတ်လုပ်နိုင်သေးမီ လောင်စာအနေဖြင့် စက်ရုံများတွင် အသုံးပြုမည် ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်က သူ၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိတွင် မန္တလေးစက်မှုဇုန်၌ စက်ရုံများမှ ရေဆိုးများကို ၁၀ လက်မပိုက် သွယ်တန်းကာ စီးဆင်းစေပြီး ရေဆိုး စွန့်ထုတ်မှုကို ည ၆ နာရီမှ နံနက် ည ၆ နာရီအထိသာ သတ်မှတ ်စွန့်ထုတ်စေကြောင်း၊ ရေဆိုးပမာဏကို  BOD 6000 အောက်သာ သတ်မှတ်ထားသော်လည်း ယင်းပမာဏထက် အများစုမှာ ပိုမိုလျက်ရှိသည်ဟု သိရသည်။

မန္တလေး စက်မှုဇုန်တွင် ရေဆိုးစွန့်ထုတ်သော စက်ရုံ ၉၀ ခန့်ရှိပြီး ရေဆိုး စွန့်ထုတ်မှုများသော စက်ရုံ ၁၅ ရုံရှိကာ အဆိုပါ စက်ရုံများမှာ အရက်ချက်စက်ရုံများ ဖြစ်ကြောင်း၊ သက်မှတ်ထားသော ရေဆိုးပမာဏ ဘီအိုဒီ၊ စီအိုဒီ တန်ဖိုးမှာ ၆၀၀၀ အောက်ဖြစ်ပြီး အဆိုပါစက်ရုံများ စွန့်ပစ်သည့် ရေဆိုးမှာ ဘီအိုဒီ ၂၅၀၀၀ ကျော်နေသည့်အတွက် ယင်းစက်ရုံများကို ယာယီ ပိတ်သိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။

လက်ရှိတွင် မန္တလေးစက်မှုဇုန်ရှိ စက်ရုံ ၉၀ ကျော်မှ ထွက်ရှိသည့် ရေဆိုးများကို ဒုဋ္ဌဝတီမြစ်အတွင်း ပိုက်လိုင်းဖြင့် သွယ်တန်းကာ ရေဆိုးစွန့်ထုတ်မှုများကြောင့် စွန့်ပစ် ရေဆိုးပိုက်လိုင်းအောက်ရှိ အနီးစပ်ဆုံး ကျေးရွာ ၁၃ ရွာခန့်မှာ အနံ့အသက်ဆိုးနှင့် သောက်ရေသုံး ရေအခက်အခဲအပြင် ကျန်းမာရေးနှင့် သက်ဆိုင်သော သက်ရောက်မှုများ ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဒုဋ္ဌဝတီမြစ်အတွင်း စွန့်ထုတ်လျက်ရှိသော စက်မှုဇုန်မှ ထွက်ရှိသည့် ရေဆိုးများတွင် အာဆင်းနစ် (အဆိပ်ဓာတ်) ပါဝင်မှုမှာ သတ်မှတ်စံနှုန်းထက် အဆများစွာ များပြားနေကြောင်း Green Myanmar Environmental Service ၏ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းပဏာမ လေ့လာတွေ့ရှိမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။       မင်းသန့်


READ NEXT
Cancel OK