
၂၀၂၃-၂၀၂၄ ခုနှစ်မှစ၍ လျှပ်စစ်မဂ္ဂါဝပ် ၄၀၀၀ ကျော်မှ ၆၀၀၀ ကျော်အထိ ထပ်တိုး ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
နေပြည်တော်၌ ဇူလိုင် ၃၁ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောက်တံတား မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက် မေးမြန်းသော လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရန်နှင့် လုံလောက်စွာ ရရှိနိုင်ရေးအတွက် အရန်ပမာဏ ထားရှိနိုင်ရန်အထိ တိုးမြှင့် ထုတ်လုပ်ခြင်းကို စီမံကိန်းချ လုပ်ဆောင်ရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဒုတိယဝန်ကြီးက ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“လက်ရှိ ဆောင်ရွက်ထားပြီး ဖြစ်သည့် အစီအမံများအရ LNG သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် ရေအားလျှပ်စစ် စီမံကိန်းအသစ်များမှ နှစ်အလိုက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်မှုမှာ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ၁၁၇၄ မဂ္ဂါဝပ်၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၁၆၁၀ မဂ္ဂါဝပ်၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၂၀၄၆ မဂ္ဂါဝပ်၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၂၉၇၃ မဂ္ဂါဝပ်နှင့် ၂၀၂၃-၂၀၂၄ ခုနှစ်မှစ၍ မဂ္ဂါဝပ် ၄၄၀၀ မှ ၆၀၀၀ ကျော်ခန့်အထိ ထပ်တိုး ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
ဆက်လက်ပြီး အရန်ဓာတ်အားပမာဏ ထားရှိနိုင်ရန်အထိ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ၏ အမြင့်ဆုံး လျှပ်စစ်သုံးစွဲမှု ပမာဏထက် နောက်ထပ် အပို ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ အထိ လျှပ်စစ်ထပ်မံ ထုတ်လုပ်နိုင်အောင် စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး Reserve Power ဟုဆိုရာတွင် Spinning Reserve နှင့် Cold Reserve နှစ်မျိုးစလုံး လုံလောက်အောင် စီစဉ်ထားနိုင်ရန် လိုအပ်ပြီး နှစ်စဉ်တိုးတက် လိုအပ်လာမည့် လျှပ်စစ် လိုအပ်ချက်ကို ခန့်မှန်းတွက်ချက်၍ အချိန်မီအောင် နှစ်ပေါင်းများစွာကတည်းက စီမံကိန်းများ တည်ဆောက်နိုင်အောင် ကြိုတင်စီမံရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် Supply Side က လက်ရှိ ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုမှာ မဂ္ဂါဝပ် ၂၆၀၀ ခန့်ရှိပြီး Demand Side မှ ဓာတ်အား တိုးတက်သုံးစွဲမှုမှာ နှစ်စဉ် ၁၃ ရာခိုင်နှုန်း တိုးတက်လာသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် တင်ပြပါအတိုင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံထားရှိပြီး ဖြစ်ကြောင်းနှင့် အဆိုပါ စီမံကိန်းများအရ ၂၀၁၉-၂၀၂၀ ခုနှစ် တွင် ၄၇၇၄ မဂ္ဂါဝပ်၊ ၂၀၂၀-၂၀၂၁ ခုနှစ် ၅၂၁၀ မဂ္ဂါဝပ်၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၅၆၄၆ မဂ္ဂါဝပ် စသည့်ဖြင့် နှစ်အလိုက် ဓာတ်အားတိုးမြှင့် ထုတ်လုပ်နိုင်မည် ဖြစ်သဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း အရန်ဓာတ်အား ပမာဏအနေဖြင့် ဓာတ်အား ထုတ်လုပ်နိုင်မှု၏ ၁၄ ရာခိုင်နှုန်းခန့်အထိ ရရှိလာမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ရေရှည်တွင် လျှပ်စစ်ဓာတ်အား လုံလောက်မှုရှိစေရန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်(ကံပေါက်) ဒေသတွင် ၁၂၃၀ မဂ္ဂါ ဝပ်၊ ရန်ကုန်တိုင်းဒေသကြီး အလုံတွင် ၃၇၇ မဂ္ဂါဝပ်နှင့် ဧရာဝတီတိုင်းဒေသကြီး မီးလင်းဂျိုင့်ဒေသတွင် ၁၃၉၀ မဂ္ဂါဝပ်ရှိသည့် LNG စီမံကိန်း သုံးခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားရှိပြီးဖြစ်ရာ Implementation Schedule အရ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၂၅၀ မဂ္ဂါဝပ်မှ စတင်ကာ ဓာတ်အား ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မဂ္ဂါဝပ် ၃၀၀၀ ခန့်အထိ ဓာတ်အား ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဓာတ်အားပေး စက်ရုံ ၅၁ ရုံရှိပြီး အဆိုပါ စက်ရုံများမှ စက်တပ်ဆင် အင်အား မဂ္ဂါဝပ် ၅၆၀၀ ကျော်ခန့်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျက် ရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀၈၇၇၈၃၂ ရှိသည့်အနက် အိမ်ထောင်စုပေါင်း ၄၉၀၈၁၄၆ မှာ မီးသုံးစွဲနိုင်ပြီဖြစ်ပြီး ၂၀၁၉ ခုနှစ်အကုန်တွင် မီးသုံးစွဲသူ ရာခိုင်နှုန်း ၅၀ အထိ တိုးတက် သုံးစွဲနိုင်မည် ဖြစ်ကြောင်း ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှု ရာခိုင်နှုန်း ၄၀ ခန့် ပြီးစီးနေပြီဖြစ်ပြီး စီမံကိန်း ပြီးစီးပါက တစ်နိုင်ငံလုံး လူဦးရေ၏ ၃ ဒသမ ၇ သန်းခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြသူရက ပြောကြားသည်။
နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၌ ဇွန် ၁၃ ရက်က ပြုလုပ်သည့် ဝန်ကြီးဌာန၏ လစဉ်ပုံမှန် သတင်းစာ ရှင်းလင်းပွဲအပြီးတွင် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြသူရက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ စီမံကိန်း တစ်ခုလုံးအနေနဲ့ကတော့ ရာခိုင်နှုန်း ၄၀ လောက် ပြီးစီးနေပြီ ဖြစ်ပါတယ်။ ၂၀၂၂ မှာတော့ ကျွန်တော်တို့ ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်နေပါတယ်။ စီမံကိန်းပြီးရင်တော့ လူဦးရေရဲ့ ၃ ဒသမ ၇ သန်းလောက်ကို ကျွန်တော်တို့ တစ်နိုင်ငံလုံး ဓာတ်အားကွန်ရက် စနစ်ကနေပြီးတော့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးပို့နိုင်မှာ ဖြစ်ပါတယ်”ဟု ဦးမြသူရ ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်