Top News

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်
24htopnews | January 20, 2025 3:12 AM CST

ရှက်တာဒိုးနက် နှင့် ဒိုင်နမိုဇာဂရက် (အင်္ဂါည ၁၁း၂၅ နာရီ)

နှစ်သင်းစလုံးက (၃)မှတ်စီရထားပြီး အဆင့် (၂)နဲ့ (၃)နေရာမှာ ရပ်တည်နေကြတယ်။ သမိုင်းတစ်လျှောက် (၅)ကြိမ် ဆုံတွေ့ဖူးပြီး ရှက်တာဒိုးနက်အသင်းက (၃)ပွဲနိုင်၊ ဒိုင်နမိုဇာ ဂရက်အသင်းက (၁)ကြိမ်သာ နိုင်ခဲ့တယ်။ ဒီအုပ်စုမှာ မန်စီးတီးက အုပ်စုဗိုလ်နေရာ သေချာနေတဲ့အနေအထားဖြစ်လို့ ဒီ(၂)သင်းက အုပ်စုဒုတိယနေရာလုရမှာဖြစ်ပြီး အမှားမခံဘူး။ အုပ်စုအဖွင့်နှစ်ပွဲရဲ့ ခြေစွမ်းကိုကြည့်ရင်တော့ ဒိုင်နမိုဇာဂရက်က ပိုကောင်းနေတယ်။ ဒါပေမဲ့ ထိပ်တိုက်ကစားရင် ရှက်တာဒိုးနက်က အတွေ့အကြုံသာပြီး ပိုကောင်းမှာပါ။ ရှက်တာဒိုးနက်ကိုပဲ ကြိုက်တယ်။

အက်သလက်တီကို နှင့် လေဗာကူဆင် (အင်္ဂါည ၁၁း၂၅ နာရီ)

လေဗာကူဆင်ကတော့ ဒီပွဲသာ ရှုံးရင် ပြန်ပေါ်လာဖို့ မရှိ တော့ဘူး။ ယူရိုပါလိဂ်အတွက်ပဲ အာရုံစိုက်ရတော့မယ်။ ဘွန်ဒစ် လီဂါမှာ ပုံစံကောင်းပြနေပေမယ့် ချန်ပီယံလိဂ်မှာတော့ ရလဒ် တွေက စိတ်ပျက်စရာပါ။ အက်သလက်တီကိုကယာအိုဖီးလစ်မ ပါနိုင်ပေမယ့် စိတ်ပူစရာမရှိပါဘူး။ အက်သလက်တီကိုနိုင်မယ်။

ကလပ်ဘရုဂေး နှင့် PSG (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ကလပ်ဘရုဂေးက ဥရောပထိပ်တန်းအသင်းကြီးတွေထဲမှာ မပါဝင်ပေမယ့် အသင်းကြီးတွေကို ဒုက္ခပေးနိုင်တဲ့အသင်းပါ။ ရီးယဲလ်မက်ဒရစ်ကွင်းမှာကစားခဲ့တဲ့ ခြေစွမ်းကိုကြည့်ရင် တစ်ဦးချင်းကောင်းတဲ့ လူငယ်ကြယ်ပွင့်တွေအများကြီးရှိပြီး အသင်းတိုင်းကို အကြောက်အလန့်မရှိကစားလေ့ရှိတာတွေ့ရတယ်။ PSG က ပိုကောင်းတဲ့အသင်းဆိုတာ သံသယဖြစ်ဖွယ် မရှိဘူး။ ဒါပေမဲ့ ဘရုဂေးရဲ့ကွင်းမှာတော့ PSG လည်း ခက်ခက်ခဲခဲ ကစားရဦးမှာပဲ။ PSG အနိုင်ရဖို့ များတယ်ဆိုပေမယ့် သရေကျခဲ့ရင်လည်း အံ့သြစရာမရှိဘူး။

ဂါလာတာစာရေး နှင့် ရီးယဲလ်မက်ဒရစ် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဂါလာတာစာရေးက နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် (၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေတဲ့အသင်းဖြစ်တယ်။ ဒီရာသီ အုပ်စုအဖွင့်ပွဲစဉ် (၂)ပွဲမှာလည်း ပထမပွဲတုန်းက ဘရုဂေးကို အဝေးကွင်းမှာ သရေကျခဲ့ပြီး ပြီးခဲ့တဲ့ PSG နဲ့ပွဲမှာတော့ အိမ်ကွင်းမှာ (၀-၁)နဲ့ ရှုံးခဲ့တယ်။ မနှစ်က တူရကီစူပါလိဂ်မှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရာသီအစ (၈)ပွဲမှာ (၃)ပွဲပဲ နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဆီဗက်စပေါ်နဲ့နိုင်ပွဲက လိဂ်ပွဲစဉ်တွေမှာ စက်တင်ဘာလလယ်ကတည်းက ပထမဆုံးနိုင်ပွဲပြန်ရခဲ့တာဖြစ်တယ်။ ပိုဆိုးတဲ့အချက်က ရီးယဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ (၅)ပွဲဆက်ရှုံးခဲ့ပြီး နောက်ဆုံး (၂)ပွဲမှာပဲ ပေးခဲ့ရတဲ့ ဂိုးက (၁၀)ဂိုးရှိတယ်။ ရီးယဲလ်ကလည်း ဒီရာသီမှာ ခြေစွမ်းက သိသိသာသာဆိုးရွားနေတယ်။ ရလဒ်ပိုင်းလည်း မငြိမ်ဘူး။ လာလီဂါနောက်ဆုံးပွဲစဉ်မှာ မာယော့ကာကို ရှုံးခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း (၂)ပွဲကစားပြီးချိန်မှာ PSG ကို ဂိုးပြတ်ရှုံး၊ ဘရုဂေးကို အိမ်ကွင်းမှာ သရေကျပြီး အုပ်စုနောက်ဆုံးရောက်နေတာတွေ့ရတယ်။ အခု ဂါလာတာစာရေးနဲ့ ကစားရမယ့် နှစ်ပွဲမှာ (၆)မှတ်မယူနိုင်ရင် ရီးယဲလ်အတွက် စိုးရိမ်စရာရှိတယ်။ ဒီပွဲတော့ ရီးယဲလ်ကပ်နိုင်မယ်ထင်တယ်။

စပါး နှင့် ဇဗက်ဒါ (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

စပါးအသင်းရဲ့အခြေအနေက ဒီရာသီမှာ တော်တော်ဆိုးနေတယ်။ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ယိမ်းယိုင်နေသလို၊ ချန်ပီယံလိဂ်မှာလည်း (၂)ပွဲကစားပြီးချိန်မှာ နိုင်သင့်လျက်နဲ့ (၁)မှတ်ပဲ ရတဲ့ပွဲနဲ့ ထိုက်ထိုက်တန်တန်ရှုံးတဲ့ပွဲတွေ ကြုံခဲ့တယ်။ ဒါပေမဲ့ မနှစ်က ဗိုလ်လုပွဲရောက်ခဲ့တဲ့ စပါးအသင်းက ဒီ့ထက် အခြေအနေပိုဆိုးခဲ့ပြီးမှ အဆင့်ဆင့်ကျော်ဖြတ်ခဲ့တာပါ။ ဒီပွဲက သူတို့အတွက် မဖြစ်မနေအနိုင်ယူရမယ့် အခြေအနေလည်း ဖြစ်နေပြီ။ ဇဗက်ဒါအသင်းကို သေချာပေါက်အနိုင်ယူလိမ့်မယ်။ ဂိုးပြတ်နိုင်တယ်။

အိုလံပီယာကော့စ် နှင့် ဘိုင်ယန်မြူးနစ် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဘိုင်ယန်မြူးနစ်က စပါးအသင်းရဲ့ကွင်းမှာ ဂိုးပြတ်နိုင်ပွဲ ယူခဲ့ပြီးတဲ့နောက် ဒီအုပ်စုမှာ အုပ်စုဗိုလ်နေရာအတွက် သေချာသလောက်ဖြစ်သွားပြီလို့ ပြောလို့ရတယ်။ အိုလံပီယာကော့စ်ကတော့ တစ်မှတ်သာရထားပြီး ဒီတစ်မှတ်ကလည်း ကံကောင်းလို့ရတာပါ။ အခုအိမ်ကွင်းပွဲကစားပြီးရင် ဒုတိယအကျော့မှာ ဘိုင်ယန်ကွင်း၊ စပါးကွင်းတွေမှာ ကစားရမှာဖြစ်လို့ အခွင့်အရေးမရှိဘူးလို့လည်း ပြောလို့ရတယ်။ ဘိုင်ယန်မြူးနစ် အလွယ်တကူပဲ အနိုင်ယူဦးမယ်။

မန်စီးတီး နှင့် အတ္တလန်တာ (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

အတ္တလန်တာကို ဒီအုပ်စုမှာ အုုပ်စုဒုတိယနေရာအတွက် မျှော်လင့်ခဲ့ပေမယ့် နှစ်ပွဲကစားပြီးချိန် ရလဒ်တွေက တော်တော်ဆိုးတယ်။ ချန်ပီယံလိဂ်အတွေ့အကြုံကြောင့်ပဲ ပြောရမယ်။ စီးရီးအေက ခြေစွမ်းမျိုး မတွေ့ရဘူး။ နောက်တစ်ချက်က ကစားဟန်ပါ။ ပွဲတိုင်းကို တိုက်စစ်ပဲကစားချင်နေပြီး၊ ခံစစ်အပေါက်အပြဲတွေကို ဂရုစိုက်လေ့မရှိတာလည်းတွေ့ရတယ်။ ဒီကစားပုံက မန်စီးတီးနဲ့ ကစားတဲ့အခါ ပြဿနာဖြစ်လာနိုင်တယ်။ ဒီပွဲလည်း မန်စီးတီးကို တိုက်စစ်ချင်းပြိုင်ကစားရင်း ခြေစွမ်းမယှဉ်နိုင်ဘဲ ဂိုးပြတ်အရှုံးပေးရမှာပါ။

ဂျူဗင်တပ်စ် နှင့် လိုကိုမိုးတစ်မော်စကို (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)

ဂျူဗင်တပ်စ်က ဒီအုပ်စုမှာ (၄)မှတ်ယူထားတယ်။ ပြီးခဲ့တဲ့ပွဲမှာ လေဗာကူဆင်ကို ဂိုးပြတ်နိုင်ခဲ့သလို၊ အဖွင့်ပွဲတုန်းကလည်း အက်သလက်တီကိုကွင်းမှာ အနိုင်ရလုနီးပါးကစားခဲ့တာတွေ့ရတယ်။ စီးရီးအေထက် ချန်ပီယံလိဂ်မှာ ခြေစွမ်းပိုကောင်းပြီး တည်ငြိမ်တဲ့ အနေအထားကိုလည်း ပြနိုင်တယ်။ ဒီပွဲအပါအဝင် လိုကိုမိုးတစ်နဲ့ နှစ်ပွဲဆက်ကိုအနိုင်ကစားပြီးရင် အုပ်စုက တက်လောက်ပါပြီ။ ပြီးရင်တော့ စီးရီးအေကို ပြန်အာရုံစိုက်လိမ့်မယ်။ ဂျူဗင်တပ်စ် (၃-၀)လောက်ဖြစ်မယ်။


READ NEXT
Cancel OK